ရှေ့သို့
Image

ဆကာမက်ကာရဲ့နေရာမှာ အစားထိုးဖို့ အေစီတိုက်စစ်မှူး အိုရီဂီကို စိတ်ဝင်စားနေတဲ့ ဒေးဗစ်မိုယက်စ်

3:39 PM, 24 July

ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်က ရိုးမားဆီပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ဆကာမက်ကာရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် အေစီမီလန်အပယ်ခံတိုက်စစ်မှူး အိုရီဂီကို ခေါ်ယူနိုင်ရေး တွန်းအားပေးနေတယ်လို့ အီတလီအခြေစိုက် La Gazzetta dello Sport သတင်းဌာနမှ ဖော်ပြလိုက်ပါတယ်။

ဆကာမက်ကာက ရောမမြို့ရှိ အိုလံပစ်ကွင်းကြီးမှာ နည်းပြမော်ရင်ဟိုလက်အောက် ကစားချင်တဲ့ဆန္ဒကို မကွယ်ဝှက်ထားခဲ့ပါဘူး။ အပြောင်းအရွှေ့ တရားဝင်ဖြစ်ပေါ်လာဖို့ ဝက်စ်ဟမ်းနဲ့ ရက်သတ္တပတ်များစွာ ညှိနှိုင်းဆွေးနွေးခဲ့တဲ့ ရိုးမားကလည်း ဆက်ဆူအိုလိုတိုက်စစ်မှူးဟောင်းကို လာမယ့်ရာသီသစ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်ဆိုရင် အပြီးသတ်ဝယ်ယူမယ့်အချက်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

တဖက်မှာလည်း ဝက်စ်ဟမ်းက လာမယ့်ဘောလုံးရာသီအတွက် ဆကာမက်ကာရဲ့နေရာမှာ အစားထိုးနိုင်မယ့်ကစားသမားအဖြစ် အေစီမီလန်တိုက်စစ်မှူး အိုရီဂီကို စောင့်ကြည့်နေခဲ့ပါတယ်။ La Gazzetta dello Sport သတင်းဌာနရဲ့အဆိုအရ ဝက်စ်ဟမ်းက လီဗာပူးတိုက်စစ်မှူးဟောင်းကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် သဘောတူညီမှုတစုံတရာ မရရှိသေးဘူးလို့ သိရပါတယ်။

ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်က အိုရီဂီရဲ့ အကြီးစားပရိသတ်တစ်ဦးဖြစ်ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးသာ အရှေ့လန်ဒန်ကလပ်ဆီ ပြောင်းရွှေ့လာမယ်ဆိုရင် ဆကာမက်ကာကို ရောင်းထုတ်ဖို့ ပိုမိုလွယ်ကူလာစေပါလိမ့်မယ်။ အိုရီဂီက လာမယ့်ဘောလုံးရာသီအတွက် နည်းပြပီအိုလီရဲ့အစီအစဉ်မှာ မပါဝင်တော့သလို အမေရိကန်နိုင်ငံဆီ ရာသီကြိုခရီးစဉ်ထွက်ခွာလာတဲ့ အေစီမီလန်အသင်းမှာလည်း မပါဝင်ခဲ့ပြန်ပါဘူး။

La Gazzetta dello Sport သတင်းဌာနရဲ့ အဆိုအရ ဆကာမက်ကာက ပြီးခဲ့တဲ့စနေနေ့မှာ ရောမမြို့ဆီ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်တွေဖြင့် ရောက်ရှိလာခဲ့ပြီး ဝက်စ်ဟမ်းရဲ့ရာသီကြိုခြေစမ်းပွဲစဉ်ကို လွဲချော်ခဲ့တယ်လို့ သိရပါတယ်။

#အိုရီဂီ #ဝက်စ်ဟမ်း #အေစီမီလန် #အပြောင်းအရွှေ့ #မိုယက်စ် #ဆကာမက်ကာ