ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဆာဘစ်ဇာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ ဒေါ့မွန်

2:54 PM, 24 July

ဒေါ့မွန်က လိဂ်ပြိုင်ဘက်ဘိုင်ယန်မြူးနစ်ရဲ့ကွင်းလယ်လူ ဆာဘစ်ဇာကို အပိုထပ်ဆောင်းဆုကြေး အပါအဝင် ပြောင်းရွှေ့ကြေးယူရို ၁၉ သန်းဖြင့် ခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ အငှားကစားသမားဘဝကို ခြောက်လတာ ဖြတ်သန်းခဲ့ပြီးနောက် ဆာဘစ်ဆာက ဒေါ့မွန်နဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားပါလိမ့်မယ်။ Sky Germany သတင်းဌာနရဲ့ဖော်ပြမှုအရ ဆာဘစ်ဇာဟာ အင်္ဂလန်(သို့မဟုတ်)အီတလီဆီ ပြောင်းရွှေ့ဖို့ မူလက တွန်းအားပေးခဲ့ပေမယ့် ဒေါ့မွန်အနေဖြင့် အသက်-၂၉ နှစ်အရွယ်သြစတြီးယားကွင်းလယ်လူကို ခေါ်ယူနိုင်ရေး ဆက်လက်ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။

ဆာဘစ်ဇာက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ဘိုင်ယန်မြူးနစ်အသင်းရဲ့ဆွေးနွေးခန်းအစီအစဉ်မှာ ပါဝင်တင်ဆက်ခဲ့ရာ Sport1 သတင်းဌာနရဲ့ အသင်းမှထွက်ခွာလိုခြင်းအကြောင်းရင်းနဲ့ ပတ်သက်လို့ မေးမြန်းမှုအပေါ် ကစားသမားက “ခင်ဗျားမှာလည်း သတင်းရင်းမြစ်တွေ ရှိတာပဲ၊ ဘာလို့ ကျွန်တော့်ဆီ ဒီမေးခွန်း လာမေးနေတာလဲ?”လို့ ပြန်ပြောခဲ့ပါတယ်။

ဆာဘစ်ဇာဟာ အဲရစ်တန်ဟက်လက်အောက် ပြိုင်ပွဲစုံ ၁၈ ပွဲ ပါဝင်ကစားပြီး သွင်းဂိုး သုံးဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ် စွမ်းဆောင်ရင်း အောင်မြင်တဲ့ မန်ချက်စတာယူနိုက်တက်အငှားကစားသမားဘဝကို ပြီးမြောက်စေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း လိုက်ပ်ဇစ်မှ ဘိုင်ယန်မြူးနစ်ဆီ ယူရို ၁၅ သန်းဖြင့် ရောက်ရှိလာတဲ့ သြစတြီးယားသားက မြူးနစ်ကစားသမားဘဝမှာ ပြိုင်ပွဲစုံ ၅၄ ပွဲကစား၊ နှစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

သူက ဘန်စီဘိုင်နီ၊ အမ်မီချာတို့ပြီးနောက် ဒေါ့မွန်ရဲ့ အခုနွေရာသီတတိယမြောက်ခေါ်ယူတဲ့ ကစားသမားသစ် ဖြစ်လာခဲ့ပါတယ်။

#ဒေါ့မွန် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် ဆာဘစ်ဇာ