ရှေ့သို့
Image

ဂါလာတာစာရေးသို့ ပြောင်းရွှေ့ရန် နီးစပ်နေတဲ့ ဇာဟာ

1:45 PM, 24 July

ခရစ္စတယ်ပဲလေ့ကစားသမား ဇာဟာက မကြာမီမှာပဲ အသင်းမှထွက်ခွာဖွယ်ရှိပြီး တူရကီကလပ် ဂါလာတာစာရေးသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိရန် ညှိနှိုင်းမှုများ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ဇာဟာဟာ ပြီးခဲ့လကုန်က ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာကြောင့် ယခုအခါ အသင်းမှထွက်ခွာရန် သို့မဟုတ် အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုရန်မှာ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။

အသက်-၃၀နှစ်အရွယ်အိုင်ဗရီကို့စ်ကစားသမားဟာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက်စုစုပေါင်း ၄၅၈ ပွဲကစားပြီး ၉၀ ဂိုးသွင်းယူကာ ၇၆ ဂိုးဖန်တီးပေးထားပါတယ်။  ပြီးခဲ့တဲ့ရာသီမှာ အသင်းက ကစားသမားကို ဆက်လက်ထိန်းသိမ်းရန် ကြိုးစားခဲ့ပြီး ကလပ်ရဲ့စံချိန်တင်လစာငွေဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းနဲ့စာချုပ်သစ် ချုပ်ဆိုရန်ကမ်းလှမ်းခဲ့ပါတယ်။

သို့သော်ကစားသမားက အဆိုပါစာချုပ်ကို လက်မှတ်ရေးထိုးဖို့ငြင်းပယ်ခဲ့ပြီးနောက် မကြာသေးမီရက်သတ္တပတ်များအတွင်း လာဇီယို၊ ဖီနာဘာချီနဲ့ အယ်လ်နာဆာတို့ထံမှ မက်လောက်စရာကမ်းလမ်းချက်များလက်ခံရရှိခဲ့ပါတယ်။ သို့သော်ယခုအခါ ဖီနာဘာချီရဲ့ တူရကီစူပါလိဂ်အဓိကပြိုင်ဖက် ဂါလာတာစာ‌ရေးက အိုင်ဗရီကို့စ်လက်ရွေးစင်ကို ခေါ်ယူရန်ကြိုးစားနေပြီး စာချုပ်ချုပ်ဆိုနိုင်ဖို့ အလားအလာအရှိဆုံးဖြစ်နေပါတယ်။

ဂါလာတာစာရေးအသင်းက "ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမား ဇာဟာကို အသင်းထံခေါ်ယူဖို့ ကစားသမားနဲ့ တရားဝင်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေပြီဖြစ်ပါတယ်။ အလုံးစုံသဘောတူညီမှု မရရှိသေးပေမယ့် နှစ်ဖက်စလုံးက ပူးပေါင်းဖို့ဆန္ဒရှိနေပြီး ဇာဟာရဲ့ ပုဂ္ဂိုလ်ရေးစည်းကမ်းချက်များခွင့်ပြုပြီးတာနဲ့ လာမယ့်ရက်ပိုင်းအတွင်း စာချုပ် ချုပ်ဆိုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်" လို့ထုတ်ပြန်ကြေညာထားပါတယ်။ #ဂါလာတာစာရေး #ဇာဟာ #ခရစ္စတယ်ပဲလေ့စ် #အပြောင်းအရွှေ့