ရှေ့သို့
Image

လက်စတာနှင့် ကစားမည့် ခြေစမ်းပွဲအား ဖျက်သိမ်းလိုက်ခြင်း အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ တော့တင်ဟမ်အသင်း

12:50 PM, 24 July

တော့တင်ဟမ်အသင်းသည် ရာသီကြိုခြေစမ်းပွဲဖြစ်သည့် လက်စတာနှင့် ခြေစမ်းပွဲအား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ တော့တင်ဟမ်အသင်းသည် သြစတြေးလျနဲ့ အာရှရဲ့ ရာသီကြို ခရီးစဉ်ရဲ့ ဒုတိယမြောက်ပွဲအဖြစ် တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ မကြာသေးမီကမှ တန်းဆင်းခဲ့ရသော လက်စတာစီးတီးအသင်းနှင့် ရင်ဆိုင်ဖို့ပြင်ဆင်ထားခဲ့တာပါ။

ပွဲစဉ်ကို ယူကေ စံတော်ချိန် နံနက် ၁၁ နာရီတွင် စတင်ရန် စီစဉ်ထားပေမယ့် လက်ရှိအချိန် ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းအတွင်းမှ အမှတ်အသားများ မျောပါသွားကာ ဆိုးရွားသည့် အခြေအနေများဖြစ်ပေါ်နေပြီး ကစားသမားများ၏ ဘေးကင်းမှုအတွက် ပွဲပယ်ဖျက်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်းသိရပါတယ်။ "ဒီညကစားမယ့် လက်စတာစီးတီးနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲဟာ ရေမြုပ်နေတဲ့ကွင်းနဲ့ ရာသီဥတုအခြေအနေများ ဆိုးရွားနေတာကြောင့် ပွဲစီစဉ်သူတွေက ကစားသမားများ အန္တရာယ်ကင်းရန် ရာဂျာမန်ဂါလာအမျိုးသားအားကစားကွင်းမှာ ကစားမယ့်ပွဲစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်" ဟု တော့တင်ဟမ်အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဒီသတင်းဟာ ကလပ်အသင်းတွေရော ပြည်တွင်းပရိသတ်တွေအတွက်ပါ ထိခိုက်နစ်နာစေခဲ့ပါတယ်။ လက်စတာ အသင်းသည် ထိုင်းနိုင်ငံအခြေစိုက် အခွန်ကင်းလွတ်ကုမ္ပဏီဖြစ်သည့် ကင်းပါဝါမှပိုင်ဆိုင်ထားပြီး ထိုင်းနိုင်ငံတွင် ခိုင်မာသော ပရိသတ်များရှိနေတာဖြစ်ပြီး အဆိုပါပွဲစဉ်ဖြစ်မြောက်ပါက တော့တင်ဟမ်ဟာ ထိုင်းမှာ ပထမဆုံးအကြိမ် ကစားမည့် ပွဲစဉ်ဖြစ်လာနိုင်ကြောင်းသိရပါတယ်။

တော့တင်ဟမ်အသင်းရဲ့ နောက်လာမည့် ရာသီကြိုပွဲသည် စင်ကာပူနိုင်ငံရှိ လိုင်းယွန်းစီးတီးဆေလ်လာ အသင်းနှင့် ကစားရမှာဖြစ်ပြီး လက်စတာအသင်းကတော့ လီဗာပူးလ်အသင်းနှင့် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

#တော့တင်ဟမ် #လက်စတာ #ခြေစမ်းပွဲ