ရှေ့သို့
Image

ဘာပေကို တစ်နှစ်လုပ်ခပေါင် ၁၇၃.၂ သန်းနဲ့ ကမ်းလှမ်းလိုက်တဲ့ အယ်လ်-ဟီလယ်

8:43 AM, 24 July

ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းဟာ ပီအက်စ်ဂျီစတား ဘာပေကို တစ်နှစ်လုပ်ခပေါင် ၁၇၃.၂ သန်းနဲ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်သားရဲ့အနာဂတ်က မရေမရာဖြစ်နေပြီး ဂျပန်နဲ့ တောင်ကိုရီးယားကိုသွားမယ့် ရာသီကြိုခရီးစဉ်အတွက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဘာပေနဲ့ ပီအက်စ်ဂျီတို့ကြားစာချုပ်သက်တမ်းက ၂၀၂၄ နွေရာသီ မတိုင်ခင်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားကာ ရီးရဲလ်အသင်းထံပြောင်းဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းပိုင်ရှင်တွေကတော့ ဘာပေတစ်ယောက် အသင်းနဲ့ စာချုပ်သက်တမ်း မတိုးခဲ့ရင် ပေါင် ၁၅၅ သန်းအောက်လောက်နဲ့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ အီတလီသတင်းထောက် ပယ်လ်မာကတော့ ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းဟာ ဘာပေကို တစ်နှစ်လုပ်ခပေါင် ၁၇၃.၂ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး တစ်နှစ်ကစားအပြီးမှာ ရီးရဲလ်အသင်းထံ လက်လွှတ်ဖို့ စာချုပ်ထဲမှာလည်း ထည့်သွင်းကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

ပီအက်စ်ဂျီအသင်းဘက်ကလည်း ဘာပေအတွက် ကမ်းလှမ်းချက်က လက်သင့်ခံလောက်တဲ့အနေအထားမျိုးဆို လက်လွှတ်ဖွယ်ရှိနေပါတယ်။ ဘာပေကတော့ လာမယ့်နွေရာသီမှာ ရီးရဲလ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေပြီး အရန်ခုံမှာ တစ်ရာသီလုံးထိုင်ချင်နေတယ်လို့ သိရပါတယ်။ အယ်လ်-ဟီလယ်အသင်းကတော့ ဘာပေလိုချင်တဲ့ အနေအထားမျိုးဖြစ်အောင် ညှိနှိုင်းခေါ်ယူသွားဖွယ်ရှိနေပါတယ်။ ပြင်သစ်သားကို ရီးရဲလ်အသင်းက ချိတ်ဆက်နေခဲ့တာကြာမြင့်နေပြီဖြစ်ကာ ပြီးခဲ့တဲ့နှစ်တုန်းက ရီးရဲလ်အသင်း ပြောင်းဖို့ထက် ပီအက်စ်ဂျီမှာပဲ ဆက်နေခဲ့တာဖြစ်ပါတယ်။

ဘာပေတစ်ယောက် တစ်ရာသီလွဲချော်မှာကို စိတ်မပူပဲ ပြင်သစ်အသင်းနဲ့အတူ လာမယ့်နွေရာသီမှာ ယူရို ၂၀၂၄ ကစားရမှာဖြစ်ပြီး ကြံ့ခိုင်မှုအပိုင်းကို ထိန်းသိမ်းလိုနေပါတယ်။ ပီအက်စ်ဂျီဥက္ကဌ ကလိုင်ဖီကတော့ ဘာပေကို အလွတ်နဲ့ ထွက်ခွာခွင့်ပြုဖို့ မဖြစ်နိုင်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ လာမယ့်လထဲမှာ လီဂူးဝမ်းအဖွင့်ပွဲအဖြစ် လိုရီးရန့်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #အမ်ဘာပေ #အယ်လ်-ဟီလယ်