ရှေ့သို့
Image

ချန်ပီယံလိဂ်မှာ ကြုံတွေ့ရနိုင်တဲ့ အဆိုးဆုံး အခြေအနေတွေ အတွက် အသင့်ပြင်ထားတယ်လို့ ပြောဆိုလာတဲ့ မာတင်နယ်လီ

1:39 PM, 21 July

လွန်ခဲ့တဲ့ခြောက်နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်ဆင်နွှဲရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပထိပ်တန်းအသင်းကြီးတွေနဲ့ ရင်ဆိုင်ရချိန် ကြုံတွေ့ရနိုင်တဲ့ အဆိုးဆုံး အခြေအနေအတွက် အာဆင်နယ်တို့ အသင့်ပြင်ထားတယ်လို့ မာတင်နယ်လီက ပြောဆိုလိုက်ပါတယ်။

ဘရာဇီးသားက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုစိန်ခေါ်နိုင်ရေးခရီးလမ်းမှာ ၁၅ ဂိုးသွင်း၊ ငါးကြိမ်ဂိုးဖန်တီးပေးကာ အကောင်းဆုံးခြေစွမ်းပြသခဲ့ပါတယ်။ လက်ရှိမှာတော့ အသက်-၂၂ နှစ်အရွယ် ကစားသမားက နောက်ဆုံး ခြောက်နှစ်အတွင်း ပထမဆုံး အကြိမ်ယှဉ်ပြိုင်ခွင့်ရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့အတူ အခုဘောလုံးရာသီသစ်မှာ ဒီထက်ပိုမြင့်မားတဲ့ အဆင့်တစ်ခုဆီ တက်လှမ်းနိုင်ဖို့ လိုလားနေပါတယ်။

မာတင်နယ်လီက “ကျွန်တော်တို့တွေဟာ အဆိုးဆုံး အခြေအနေအတွက် ကိုယ့်ကိုကိုယ်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ထင်ပါတယ်။ အကောင်းဆုံး အသင်းတွေနဲ့ ရင်ဆိုင်ဖို့အတွက်လည်း ကိုယ့်ကိုကိုယ်ပြင်ဆင်ထားဖို့ လိုအပ်မယ်လို့ ယူဆမိပါတယ်။ တစ်သင်းလုံးလည်း အဲ့ဒီအတိုင်းပဲ လုပ်နေပါတယ်။ စိန်ခေါ်မှုအသစ်တွေ အတွက် ကျွန်တော်တို့တွေ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ဒါပေမယ့် တောင်ပံတိုက်စစ်ကစားသမားဟာ ရှုပ်ထွေးကျပ်တည်းလာမယ့် ပွဲစဉ်ဇယားနဲ့အတူ အလုပ်တာဝန်တွေ ပိုမိုများပြားလာမယ်လို့ နှလုံးသွင်းထားပါတယ်။

“ဘောလုံးရာသီသစ်မှာ ပွဲစဉ်တွေ အရမ်းများပြီး ခက်ခဲမှုတွေ ရှိလာနိုင်မှာဖြစ်လို့ ကျွန်တော်တို့အသင်း လူစာရင်းပိုင်းတောင့်တင်းနေရေးက အရေးကြီးပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲဝင်ဖို့ အသင့်ဖြစ်နေပါပြီ။ ရွေးချယ်စရာကစားသမားတွေ အများကြီးရှိလို့ ကောင်းပါတယ်”လို့ မာတင်နယ်လီက ဆက်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလအတွင်း ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတဲ့ မာတင်နယ်လီက လက်ရှိမှာ ကြံ့ခိုင်မှုပြည့်ဝနေပါပြီ။ သူက မေဂျာလိဂ် All-Stars အသင်းကို ငါးဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲချိန်တွေမှာ အာဆင်နယ်အတွက် ပါဝင်ကစားပေးခဲ့ပါတယ်။

ဘရာဇီးသားက “ရာသီပိတ်နောက်ဆုံးပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့ရတာ ခက်ခဲခဲ့ပါတယ်။ ဒီနောက်မှာတော့ အားလပ်ရက်တွေရရှိပြီး တက်နိုင်သမျှအမြန်ဆုံး ကြံ့ခိုင်မှုပြည့်ဝအောင် ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ဒါက ကျွန်တော်လုပ်ခဲ့တဲ့အရာဖြစ်ပြီး လက်ရှိမှာ ပြန်လာနိုင်ပြီဖြစ်သလို နောက်တစ်ကြိမ်ပြိုင်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ရာသီသစ်ကို စတင်နိုင်မယ်လို့လည်း ယုံကြည်ချက်ရှိပါတယ်။ အသင်းမှာ ဆာကာနဲ့ ထရိုဆက်တို့လို ကစားသမားတွေအများကြီးရှိတာက ကစားရတာ လွယ်ကူစေပါတယ်”လို့ ရှင်းပြလာပါတယ်။

#အာဆင်နယ် #မာတင်နယ်တီ #ပရီးမီးယားလိဂ်