ရှေ့သို့
Image

ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားကို ခေါ်ယူဖို့ ကမ်းလှမ်းလိုက်တဲ့ ဆော်ဒီကလပ် အယ်လ်အာလီ

1:32 PM, 21 July

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီက နည်းပြ မာကိုဆေးလ်ဗားကို ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူဖို့ ကမ်းလှမ်းလာပြီးနောက် ပရီမီးယားလိဂ်ကလပ်ဖူလ်ဟမ်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသသားတွေရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်လာရပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြကို ၂နှစ်သက်တမ်းရှိ စာချုပ်နဲ့ အလွန်ချမ်းသာကြွယ်ဝတဲ့ ဆော်ဒီပရိုလိဂ်မှာ လာရောက်တာဝန်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒါက အားထားရတဲ့တိုက်စစ်မှူး မီထရိုဗစ်ကို လက်မလွှတ်ရရေး ကြိုးပမ်းနေတဲ့ လန်ဒန်မြို့ခံကလပ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

အယ်လ်အာလီက မာကိုဆေးလ်ဗားကို တစ်ပတ်လုပ်ခလစာ ပေါင် ၄၀၀,၀၀၀ ဖြင့် ကမ်းလှမ်းလိုက်ပြီး သဘောတူညီမှုတစ်ခု လျှင်လျှင်မြန်မြန်ရရှိဖို့ လိုလားနေပါတယ်။ မာကိုဆေးလ်ဗားရဲ့အေးဂျင့်တွေကတော့ ဆော်ဒီတာဝန်ရှိသူတွေနဲ့ဆွေးနွေးဖို့ လန်ဒန်မြို့မှာ ရှိနေတယ်လို့ သိရပါတယ်။

ဖူလ်ဟမ်က သူတို့ရဲ့အဓိကတိုက်စစ်မှူး မီထရိုဗစ်အတွက် ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီးနောက် အသက်-၂၈ နှစ်အရွယ် ကစားသမားက အသင်းအတွက် ပြန်မကစားပေးနိုင်တော့ဘူးလို့ ဆွေမျိုးတွေဆီ ဖွင့်ဟပြောဆိုလာပါတယ်။ သူ့အတွက် အယ်လ်ဟီလယ်ရဲ့ကမ်းလှမ်းမှုနှစ်ကြိမ်ကို ဖူလ်ဟမ်က ပယ်ချခဲ့ပြီးနောက် အခုလို ပြောင်းရွှေ့ကြေးတိုးမြှင့်သတ်မှတ်ခဲ့မှုအပေါ် မီထရိုဗစ်က စိတ်ဆိုးဒေါသထွက်နေတာပါ။ မီထရိုဗစ်က အခုလိုစိတ်ဆိုးဒေါသထွက်နေပေမယ့် အမေရိကန်နိုင်ငံဆီထွက်ခွာမယ့် ဖူလ်ဟမ်ရဲ့ရာသီကြိုခရီးစဉ်ကိုတော့ ပူးပေါင်းပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဖူလ်ဟမ်က ပရီမီးယားလိဂ်နွေရာသီ စီရီးရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် အခုခရီးစဉ်အတွင်း ဘရန့်ဖို့ဒ်၊ အက်စတွန်ဗီလာ၊ ချဲလ်ဆီးတို့နဲ့ ယှဉ်ပြိုင်ကစားသွားပါမယ်။

#အပြောင်းအရွှေ့ #ဆေးလ်ဗား #မီထရိုဗစ် #ဖူလ်ဟမ် #အယ်လ်အာလီ