ရှေ့သို့
Image

ယူနိုက်တက်အသင်းရဲ့ အမေရိကန်ခြေစမ်းခရီးစဉ်မှာ လိုက်ပါလာခြင်းမရှိတဲ့ ဖရက်

1:43 PM, 20 July

ပရီးမီးယားလိဂ်ပြိုင်ပွဲအပါအဝင် ဥရောပအဆင့် ပြိုုင်ပွဲတွေမှာ ပြန်လည် လွှမ်းမိုးခွင့်ရရေး အတွက် နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပြင်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံကို ထွက်ခွာခဲ့တာဖြစ်ပြီး ဖူလ်ဟမ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်နေတဲ့ ကွင်းလယ်ကစားသမား ဖရက်အနေဖြင့် လိုက်ပါလာခဲ့ခြင်းမရှိတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ကွင်းလယ်ပိုင်းအတွက် ပြင်ဆင်မှု အဓိက ပြုလုပ်ရန် စီစဉ်နေပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမား မေဆင်မောင့်ကို ဂန္ဓဝင် ကျောနံပါတ် ၇ပေးကာ ခေါ်ယူထားခဲ့တာလည်း ဖြစ်ပါတယ်။ အခြားတစ်ဖက်တွင်လည်း ဘွန်ဒက်စ်လီဂါ ချန်ပီယံ ကွင်းလယ်ကစားသမား ဂေါ်ရက်ဇ်ကာကို စိဝင်စားနေပြီး ဘိုင်ယန်မြူးနစ်အသင်းက အချိန်အတိုင်းအတာတစ်ခုအကြာထိ ခြေစွမ်းကောင်းတွေ ပြသကစားပေးနိုင်ခဲ့တဲ့ ဝါရင့်ကွင်းလယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀မှ ယူရိုသန်း ၅၀အကြား ကမ်းလှမ်းခံရပါက လက်ခံသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်အနေဖြင့် ရှေ့လာမယ့် ၂၀၂၃-၂၄ ဘောလုံးရာသီတွင် ပုံစံကောင်းပြသနိုင်ရန် ကစားသမားအစုအဖွဲ့ကို သေချာပြင်ဆင်နေပြီး ကွင်းလယ်မှာ ပွဲထွက်ခွင့်အတွက် အခွင့်အရေးနည်းပါးလာမယ့် ကစားသမားတွေကို ရောင်းချရန် စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ရှေ့လာမယ့် ဘောလုံးရာသီအတွက် ရာသီကြိုခြေစမ်းခရီစဉ်အဖြစ် ယူနိုက်တက်အသင်းက အမေရိကန်မြေကို ထွက်ခွာခဲ့တာဖြစ်ပြီး ကစားသမား ၃၁ဦးအထိ ခေါ်ဆောင်ခဲ့ရာမှာ ဘရာဇီးစတားအနေဖြင့် ပါဝင်ခြင်းမရှိတာလည်း ဖြစ်ပါတယ်။

အမေရိကန်မှာ ခြေစမ်းကစားမယ့်ခရီးစဉ်အတွက် အပြောင်းအရွှေ့သတင်း ကျယ်လောင်လာတဲ့ ဖရက်မပါဝင်ခဲ့ပေမဲ့ ကပ္ပတိန်နေရာမှ လောလောလတ်လတ် ဖယ်ရှားခံထားရတဲ့ မက်ဂွာရီအနေဖြင့် လိုက်ပါခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက အသက် ၃၀အရွယ် ဖရက်ကို ရောင်းချရန် လမ်းဖွင့်ပေးထားပြီး တူရကီကလပ် ဂါလာတာစာရေးအသင်းအပြင် ဖူလ်ဟမ်းအသင်းကပါ ခေါ်ယူရန် ချိတ်ဆက်မှုတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖရက်ဒ် #ခြေစမ်းပွဲ