ရှေ့သို့
Image

ဖူလ်ဟမ်အတွက် ပြန်ကစားပေးဖို့ မရှိတော့ဘူးလို့ ဆွေမျိုးတွေကို ထုတ်ပြောလိုက်တဲ့ မီထရိုဗစ်

12:49 PM, 20 July

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ စိတ်ဝင်စားမှုတွေ ရရှိထားတဲ့ တိုက်စစ်မှူး မီထရိုဗစ်အတွက် ဖူလ်ဟမ်က ပြောင်းရွှေ့ကြေးမြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဆာဘီးယားတိုက်စစ်မှူးက ကလပ်အသင်းအတွက် ပြန်မကစားပေးနိုင်တော့ဘူးလို့ ဆွေမျိုးသားချင်းတွေဆီ ဖွင့်ဟပြောဆိုလာပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ လန်ဒန်အခြေစိုက်ကလပ်က မီထရိုဗစ်အတွက် အယ်လ်ဟီလယ်ရဲ့ ပေါင် ၃၅ သန်းတန် ဒုတိယအကြိမ်မြောက်ကမ်းလှမ်းလာမှုကို ပယ်ချခဲ့ပါတယ်။ အသက်-၂၈ နှစ်အရွယ် တိုက်စစ်မှူးက ဖူလ်ဟမ်နဲ့ စာချုပ်သက်တမ်း သုံးနှစ် ကျန်ရှိနေသေးပေမယ့် အသင်းမှ ထွက်ခွာဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဖူလ်ဟမ်က ဆော်ဒီကလပ်ရဲ့ ပေါင် ၂၅ သန်းတန် အဖွင့်ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပြီးဖြစ်ပေမယ့် တိုက်စစ်မှူးက ကလပ်အသင်းအကြီးအကဲတိုနီခမ်းထံ နောက်ထပ်ကမ်းလှမ်းမှုအသစ်တွေ ရှိလာခဲ့ရင် လက်ခံပေးဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာ ဖူလ်ဟမ်က မီထရိုဗစ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ရာ တိုက်စစ်မှူးက ကလပ်အသင်းအတွက် ပြန်မကစားပေးနိုင်တော့ဘူးလို့ ဆွေမျိုးသားချင်းတွေဆီ ဖွင့်ဟလာခဲ့ကြောင်း Sky Sports သတင်းအရ သိရပါတယ်။

အခုလိုပြောင်းရွှေ့ကြေးတိုးမြှင့်သတ်မှတ်ခဲ့မှုကို အေးဂျင့်မှတဆင့် သိရှိခဲ့ရတဲ့ ဆာဘီးယားတိုက်စစ်မှူးမှာ အပြောင်းအရွှေ့အလားအလာမှေးမှိန်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ကြီးစိုးလာခဲ့ပါတယ်။ ဒါကြောင့်ပဲ အသက်-၂၈ နှစ်အရွယ် ကစားသမားက ဖူလ်ဟမ်ရဲ့ရာသီကြိုပြင်ဆင်မှုတွေဆီ မပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် သူ့ရဲ့အေးဂျင့်ဇဟာဗီနဲ့ PFA ကိုယ်စားလှယ်တွေက အသင်းဆီပြန်လာရေးအတွက် မီထရိုဗစ်ကို စည်းရုံးခဲ့ရပြန်ပါတယ်။

ဖူလ်ဟမ်က ဒီနေ့ညပိုင်းမှာပဲ အမေရိကန်နိုင်ငံဆီ ရာသီကြိုခရီးစဉ်ထွက်ခွာပါလိမ့်မယ်။ မီထရိုဗစ်က ဖူလ်ဟမ် ကစားသမားဘဝမှာ အသင်းအတွက် ၂၀၅ ပွဲကစား၊ ၁၁၁ ဂိုး သွင်းယူပေးထားလို့ အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း မီထရိုဗစ်က ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးအထိ ရှာဖွေပေးခဲ့ပြီး ဖူလ်ဟမ်ကို ပရီးမီးယားလိဂ်အမှတ်ပေးဇယား အလယ်ပိုင်းမှာ ရပ်တည်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။
 
အယ်လ်ဟီလယ်က ဆော်ဒီပရိုလိဂ်ကလပ်တွေ ကြီးစိုးထားတဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ တက်ကြွမှုအရှိဆုံး ကလပ်အသင်းတွေအနက် ကလပ်အသင်းတစ်ခုဖြစ်ပါတယ်။

မီထရိုဗစ်ရဲ့ ဆာဘီးယားအသင်းဖော် မီလင်ကိုဗစ်ဆာဗစ်ကိုလည်း အယ်လ်ဟီလယ်က ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဖြင့် လာဇီယို အသင်းထံမှ ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် အယ်လ်ဟီလယ်က ဝုဗ်ကွင်းလယ်လူ ရူဘင်နီဗက်စ်နဲ့ ချဲလ်ဆီးနောက်ခံလူ ကူလီဘာလီတို့ကိုလည်း ခေါ်ယူထားပါတယ်။

#မီထရိုဗစ် #ဖူလ်ဟမ် #ပရီးမီးယားလိဂ်