ရှေ့သို့
Image

အင်တာမီယာမီအတွက် စတင်ပွဲထွက်ကစားတော့မယ့် မက်ဆီနဲ့ ဘက်စ်ကွက်

11:17 AM, 20 July

အင်တာမီယာမီနည်းပြ တာတာမာတီနိုက မက်ဆီနဲ့ ဘက်စ်ကွက်တို့ကို သောကြာနေ့မှာ ကစားမယ့် Cruz Azul နဲ့လိဂ်ဖလားပွဲစဉ်မှာ စတင်ပွဲထုတ်သွားရန် မျှော်လင့်နေကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာ မက်ဆီနဲ့ ဘက်စ်ကွက်တို့ဟာ အင်တာမီယာမီနဲ့ တရားဝင်စာချုပ် ချုပ်ဆိုခဲ့ကြပြီး ယခုအပတ်အင်္ဂါနေ့၌ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပထမဆုံးအကြိမ် ပါဝင်ခဲ့ကြပါတယ်။ ကစားသမားနှစ်ဦးဟာ တစ်လကျော်ကြာ‌  ဘောလုံးပွဲများနဲ့ဝေးကွာနေကြပြီး မက်ဆီက ဇွန်လ ၁၅ ရက်နေ့မှာ အာဂျင်တီးနားနဲ့ ဩစတြေးလျတို့ရဲ့ခြေစမ်းပွဲမှာ နောက်ဆုံး ကစားထားကာ ဘက်စ်ကွက်ရဲ့နောက်ဆုံးပွဲစဉ်မှာ ဘာစီလိုနာအတွက် မေလ ၂၈ ရက်နေ့က ကစားခဲ့တဲ့ မာယော့ကာနဲ့ပွဲစဉ်ဖြစ်ပါတယ်။

အဆိုပါကစားသမားနှစ်ဦးစလုံးကို သောကြာနေ့မှာ ပွဲထုတ်ရန်မျှော်လင့်ထားကြောင်းကို မာတီနိုက "အခုကျွန်တော် မြင်တွေ့ရသလောက်တော့ သူတို့ကအသင်းနဲ့အံဝင်ခွင်ကျဖြစ်နေပြီး သောကြာနေ့မှာ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ ပွဲထွက်ကစားသမားဖြစ်မလား လူစားဝင်ကစားသမားဖြစ်မလားတော့ မသေချာသေးပေမယ့် လီယိုရော ဘက်ကစ်ကွက်ရောက ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေကြပါပြီ" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အသက် ၃၆ နှစ်အရွယ် မက်ဆီရဲ့ ပြိုင်ဆိုင်မှုနဲ့အနိုင်ရလိုတဲ့စိတ်ဓာတ်က MLS မှာလည်း ဆက်လက်ရှင်သန်နေဦးမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ မာတီနိုက" ဘယ်တော့မှမပြောင်းလဲတဲ့အရာက လီယိုရဲ့ ယှဉ်ပြိုင်လိုစိတ်နဲ့အနိုင်ယူလိုစိတ်ပါပဲ။ ဒီလိုထူးခြားတဲ့ စရိုက်လက္ခဏာကပဲ လီယိုကိုအောင်မြင်စေတာပါ။ ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီဖြစ်တာကြောင့် သူ့ရဲ့ပခုံးပေါ်က ဝန်ထုတ်ဝန်ပိုးတွေ တော်တော်နည်းသွားပြီလို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး" အခု အသင်းမှာရောက်ရှိနေတဲ့မက်ဆီက ၂၀၁၀-၁၁ ခုနှစ်တုန်းကလို ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ ဖိအားတွေများနေခဲ့တဲ့ မက်ဆီမဟုတ်တော့ပါဘူး။ ဒီအသင်းအင်္ကျီကိုဝတ်ထားပြီဆိုတော့ မကြာခင်မှာပဲသူ့ရဲ့ယှဉ်ပြိုင်လိုစိတ်ပြင်းထန်မှုကို မြင်ရတော့မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်တာမီယာမီမှာ သူ့အတွက်အောင်မြင်မှုမရရှိသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။

ယခင်က အတ္တလန္တာယူနိုက်တက်နည်းပြအဖြစ် MLS ဖလားကိုဆွတ်ခူးခဲ့တဲ့ မာတီနိုက MLS မှာ မက်ဆီတို့ ဘက်စ်ကွက်တို့လို အတွေ့အကြုံရင့်ဂန္တဝင်ကစားသမားကြီးတွေတောင် လိုက်နာကျင့်သုံးရမယ့်အချက်တွေရှိကြောင်း သတိပေးပြောကြားလိုက်ပါတယ်။

မာတီနိုက" ဒီလိဂ်က ရုပ်ပိုင်းဆိုင်ရာ အင်အားသုံးပြီးယှဉ်ပြိုင်ရတဲ့လိဂ်ဖြစ်တာကြောင့် ကစားသမားတွေမှာကြံ့ခိုင်မှု ရှိဖို့လိုပါတယ်။ ဘောလုံးသမားကောင်းတွေ ဒီလိဂ်ကိုရောက်လာရင် ခြေစွမ်းပြနိုင်ဖို့ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီလိဂ်က အခြားလိဂ်တွေထက် ပိုလည်းမကောင်းသလို ပိုလည်းမဆိုးပေမယ့်ကွဲပြားခြားမှုရှိနေလို့ပါ။ ပြီးတော့ ဒီလိဂ်က ခရီးရှည်‌တွေ၊ မတူညီတဲ့ ရာသီဥတုအခြေအနေတွေ၊ တစ်ပတ်အတွင်းများပြားတဲ့ပွဲစဉ်တွေရှိတာကြောင့် အလုပ်များတဲ့လိဂ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ဒီလိဂ်မှာ ကစားမယ်ဆိုရင် ခင်ဗျားမှာယှဉ်ပြိုင်လိုစိတ်ပြင်းထန်တဲ့ အသင်းတစ်သင်းရှိရပါမယ်" လို့ပြောကြားခဲ့ပါတယ်။

#မက်ဆီ #ဘက်စ်ကွက် #အင်တာမီယာမီ #တာတာမာတီနို