ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီးနောက် မန်စီးတီးမှ ထွက်ခွာတော့မယ့် မာရက်ဇ်
10:32 AM, 20 July
ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးက တောင်ပံကစားသမား မာရက်ဇ်ကို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီဆီ ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ဖြင့် ရောင်းချဖို့ သဘောတူခဲ့ပါတယ်။
အသက်-၃၂ နှစ်အရွယ် ကစားသမားက ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ဆီ သွားရောက်မယ့် မန်စီးတီးရဲ့ ရာသီကြိုခရီးစဉ်ကို လွဲချော်ထားပြီး ဒီနေ့ကြာသပတေးနေ့မှာပဲ ဆော်ဒီပရိုလိဂ်ကလပ်နဲ့ ဆေးစစ်မှုပြုလုပ်သွားပါလိမ့်မယ်။ The Athletic သတင်းဌာနရဲ့အဆိုအရ အယ်လ်အာလီက မာရက်ဇ်နဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုဖို့ရှိပြီး အယ်လ်ဂျီးရီးယားသားအတွက် ပြောင်းရွှေ့ကြေးအဖြစ် မန်စီးတီးကို ကနဦးပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းနဲ့ နောက်ထပ် အပိုထပ်ဆောင်းဆုကြေး ယူရို ၅ သန်းကို ပေးချေသွားမယ်လို့ သိရပါတယ်။
အခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း အယ်လ်အာလီက ချဲလ်ဆီးဂိုးသမား မန်ဒီနဲ့ လီဗာပူး တိုက်စစ်မှူး ဖာမီနိုတို့ကို ခေါ်ယူထားပါတယ်။ ဒါ့အပြင် အယ်လ်အာလီက နယူးကာဆယ်တိုက်စစ်မှူး စိန့်မက်ဆီမင်ကို ယူရို ၂၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
မာရက်ဇ်ကတော့ အင်္ဂလန်မြေမှာ ကိုးနှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးနဲ့အတူ လေးကြိမ်၊ လက်စတာနဲ့ တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားလက်ရွေးစင်ကစားသမားက မန်စီးတီးမှာကစားနေစဉ် ကာလအတွင်း ပြီးခဲ့တဲ့ရာသီ၊ ဖလားသုံးလုံး အောင်မြင်မှုအပါအဝင် ဆုဖလား ၁၀ လုံးအထိ ရရှိခဲ့ပါတယ်။ လက်ရှိမှာ မန်စီးတီးက မာရက်ဇ်အပြင် ဘာစီလိုနာဆီ ထွက်ခွာသွားတဲ့ ကွင်းလယ်လူဂမ်ဒိုဂန်ကိုလည်း ဆုံးရှုံးထားရပါတယ်။
ဒါ့အပြင် အခုနွေရာသီအပြောင်းအရွှေ့မှာ နောက်ခံလူကိုင်လီဝေါ်လ်ကာက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ မျှော်လင့်နေသလို အခြားတဖက်မှာလည်း မန်စီးတီးက နောက်ခံလူကန်ဆယ်လိုကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။