ရှေ့သို့
Image

လာမယ့်အပတ်မှာ ဆေးရုံကဆင်းခွင့်ရတော့မယ့် ဗန်ဒါဆား

10:04 AM, 19 July

ခရိုအေးရှားမှာ အားလပ်ရက်ခရီးထွက်နေစဉ် ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ ဂိုးသမားဟောင်း ဗန်ဒါဆားဟာ ယခုအခါ အထူးကြပ်မတ်ကုသဆောင်မှ ထွက်ခွာလာနိုင်ခဲ့ပြီး လာမယ့်အပတ်မှာ ဆေးရုံကဆင်းခွင့်ရတော့မှာဖြစ်ပါတယ်။

အသက်-၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗန်ဒါးဆားဟာ ယခုလအစောပိုင်းက အားလပ်ရက်ခရီးထွက်နေခဲ့ပြီး ခရိုအေးရှားမှာ ဦးနှောက်အတွင်းသွေးယိုစိမ့်မှုဝေဒနာကြောင့် ၎င်းရဲ့ဇာတိမြေက ဆေးရုံကို အလျင်အမြန်ပို့ဆောင်လိုက်ရတာဖြစ်ပါတယ်။ ယခုအခါ အထူးကြပ်မတ်ကုသဆောင်မှ ထွက်ခွာလာနိုင်ပြီဖြစ်သော်လည်း ဆေးရုံမှာဆက်နေဖို့လိုအပ်နေပါသေးတယ်။

ဗန်ဒါဆားက "ပထမဆုံးအနေနဲ့ ကျွန်တော့်ကို ဆုတောင်းမေတ္တာပို့သစာတွေနဲ့ အားပေးတဲ့အမှာစကားတွေ ပို့ပေးတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်အခု အရေးပေါ်ကုသဆောင်မှာဆက်မနေရတော့ပါဘူး။ ဒါပေမယ့်ဆေးရုံတော့တက်နေရတုန်းပါပဲ။ နောက်အပတ်မှာအိမ်ပြန်နိုင်ပြီး ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်" လို့ တွစ်တာမှတစ်ဆင့် မျှဝေခဲ့ပါတယ်။

အေဂျက်စ်အသင်းက ဗန်ဒါဆားဟာ ၎င်းရဲ့ဇာတိနယ်သာလန်ရှိ ဆေးရုံသို့ပြောင်းရွှေ့ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး "အက်ဒ်ဝင်ဟာ သောကြာနေ့ညနေပိုင်းမှာ ခရိုအေးရှားကနေပြန်လာခဲ့ပြီး အခုနယ်သာလန်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ သူ့အခြေအနေကတော့အရင်အတိုင်းပါပဲ။ တည်ငြိမ်ပြီး အသက်အန္တရာယ်လည်း မစိုးရိမ်ရတော့ပါဘူး။ မိသားစုနဲ့လည်းအဆက်အသွယ်ပြုလုပ်‌နိုင်ပါပြီ" လို့ပြောကြားခဲ့ပါတယ်။

ယခုသီတင်းပတ်အစောပိုင်းကလည်း ယူနိုက်တက်ကစားသမားဟောင်း ဂျပ်စတမ်က ၎င်းရဲ့နိုင်ငံ့အသင်းဖော်ဟောင်းကို ဆုမွန်ကောင်းများပေးပို့ခဲ့ပါတယ်။ စတမ်က ယူနိုက်တက်ဝက်ဘ်ဆိုက်ဒ်သို့ "ကျွန်တော်တို့အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေ အက်ဒ်ဝင်ကိုပေးပို့ပါတယ်။ ကျွန်တော်တို့သူ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ အခုလိုကြားလိုက်ရတာ တုန်လှုပ်စရာကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။

နယ်သာလန်ဂိုးသမားဟာ ယူနိုက်တက်မှာ ပွဲပေါင်း ၂၅၀ ကျော်ကစားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ယူနိုက်တက်သို့ ရောက်ရှိလာခဲ့တဲ့ ဗန်ဒါဆားဟာ  ပီတာရှမိုက်ကယ်ထွက်ခွာသွားပြီးနောက် ဂိုးသမားနေရာအစားထိုးရန် ခြောက်နှစ်ကြာအောင် ရှာဖွေနေခဲ့ရတဲ့ယူနိုက်တက်ရဲ့ကွက်လပ်ကို ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ်။

ဗန်ဒါဆားရဲ့ မယုံကြည်နိုင်လောက်စရာဖျတ်လတ်မှု၊ နေရာကောင်းကောင်းယူတတ်မီုနဲ့၊ ဘောလုံးဖြန့်ဝေမှုစွမ်းရည်တွေကြောင့် အချိန်တိုအတွင်းမှာပဲ ယူနိုက်တက်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိခဲ့ပါတယ်။ ဗန်ဒါဆားဟာ ယူနိုက်တက်ကစားသမားဘဝပထမဆုံးရာသီမှာ အောင်မြင်မှုမရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ်ဖလား ၄ လုံးအထိဆွတ်ခူးနိုင်ခဲ့ကာ ချဲလ်ဆီးကိုကျော်ဖြတ်အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ နီကိုလက်စ်အနယ်လ်ကာရဲ့ပင်နယ်တီကို ကာကွယ်ပြီး အသင်းကိုဆုဖလားဆွတ်ခူးစေခဲ့ပါတယ်။

#ခရိုအေးရှား #ဗန်ဒါဆား