ရှေ့သို့
Image

ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မယ့် ချဲလ်ဆီးနောက်ခံလူ ဖိုဖာနာ

9:02 AM, 19 July

ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့တဲ့ ချဲလ်ဆီးနောက်ခံလူဖိုဖာနာဟာ ခွဲစိတ်ကုသမှုခံယူရမှာဖြစ်လို့ ကာလရှည်အနားယူရဖို့ ရှိလာပါတယ်။

ယမန်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ကြေညာချက်မှာ "နောက်ခံလူဖိုဖာနာရဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကို ခွဲစိတ်ကုသမှု လုပ်ဆောင်ရပါမယ်။ ကျန်းမာရေးဆိုင်ရာ အထူးစစ်ဆေးမှုရလဒ်များအရ ဖိုဖာနာရဲ့ဒဏ်ရာကို မဖြစ်မနေခွဲစိတ်ကုသရတော့မှာဖြစ်လို့ အသက်-၂၂ နှစ်အရွယ် ကစားသမားက အသင်းရဲ့အမေရိကန်ရာသီကြိုခရီးစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဖိုဖာနာက ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို အသင်းရဲ့ဆေးဘက်ဆိုင်ရာဌာနနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပြီး အခုအချိန်မှစပြီး ကြံ့ခိုင်မှုပြည့်ဝရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်သွားပါလိမ့်မယ်"လို့ ဖော်ပြထားပါတယ်။

ဒါက ဖိုဖာနာအတွက် နောက်တစ်ကြိမ်ကာလရှည်အနားယူရမှု တစ်ခုဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ၊ လက်စတာအသင်းကစားသမားဘဝမှာလည်း ဖိုဖာနာက  ခြေထောက်ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရဖူးပါတယ်။

 ၂၀၂၂ ခုနှစ် နွေရာသီကာလမှာ ချဲလ်ဆီးဆီ ပြောင်းရွှေ့ကြေးအမြောက်အများနဲ့ ရောက်ရှိလာတဲ့ ဖိုဖာနာဟာ ဒဏ်ရာပြဿနာတွေနဲ့ ဆက်လက်ရင်ဆိုင်ခဲ့ရလို့ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း အနောက်လန်ဒန်ကလပ်အတွက် ပရီးမီးယားလိဂ် ၁၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

ဖိုဖာနာရဲ့ ဒဏ်ရာအခြေအနေကြောင့် လူငယ်ခံစစ်ကြယ်ပွင့် ကိုဝဲလ်အတွက် စီနီယာအသင်းနဲ့ပူးပေါင်းနိုင်ဖို့ အခွင့်အလမ်းတစ်ရပ်ဖြစ်လာနိုင်ပေမယ့် ချဲလ်ဆီးအနေဖြင့် ဗဟိုနောက်ခံလူသစ်တစ်ဦး မဖြစ်မနေရှာဖွေရဖို့ နီးစပ်လာခဲ့ပါတယ်။ အခုအချိန်မှာ ဖိုဖာနာက ရှည်လျားလှတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ကျော်ဖြတ်ဖို့စတင်နေပြီး တက်နိုင်သမျှ အမြန်ဆုံး အသင်းနဲ့ပူးပေါင်းကာ ပွဲစဉ်တွေဆီ ပြန်လာနိုင်ဖို့ ဆန္ဒရှိနေပါလိမ့်မယ်။

#ချဲလ်ဆီး #ဖိုဖာနာ #ပရီးမီးယားလိဂ်