မာရက်ဇ်အတွက် ပေါင် ၁၈ သန်း တန်ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ မန်စီးတီး
2:34 PM, 18 July
ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးက တောင်ပံကစားသမား မာရက်ဇ်အတွက် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီရဲ့ ပေါင် ၁၈ သန်းတန်ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ပြောင်းရွှေ့ကြေးတိုးမြှင့်ထားမယ့် ကမ်းလှမ်းမှုတစ်ရပ်ကို စောင့်ဆိုင်းနေပါတယ်။ ဒါ့အပြင် မန်စီးတီးက ဘိုင်ယန်မြူးနစ်ရဲ့စိတ်ဝင်စားမှုရရှိထားတဲ့ ကိုင်လီဝေါ်လ်ကာရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ကစားသမားနဲ့ဆွေးနွေးနေပြီး လိုက်ပ်ဇစ်ခံစစ်မှူး ဂျီဗာဒီအောကိုလည်း မန်ချက်စတာမြေဆီ ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။
မန်စီးတီးမှာ ငါးနှစ်ကြာကစားခဲ့တဲ့ အသက်-၃၂ နှစ်အရွယ်မာရက်ဇ်က အသင်းမှ ထွက်ခွာဖို့ နီးစပ်နေပါပြီ။ အယ်လ်ဂျီးရီးယား လက်ရွေးစင်ကစားသမားဟာ အယ်လ်အာလီနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားတယ်လို့လည်း Mail Sport မှ ဖော်ပြခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း လက်စတာမှ မန်စီးတီးဆီ ရောက်ရှိလာတဲ့ မာရက်ဇ်က အသင်းအတွက် ၂၃၆ ပွဲကစား၊ ၇၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅၉ ကြိမ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်စီးတီးနဲ့အတူ သမိုင်းဝင်ဆုဖလားသုံးလုံး အောင်မြင်မှု ဆွတ်ခူးနိုင်ခဲ့တဲ့ အသက်-၃၂ နှစ်အရွယ် တောင်ပံလူက အီတီဟတ်ကလပ်နဲ့ စာချုပ်သက်တမ်း ၂နှစ်ကျန်ရှိနေသေးပေမယ့် ပွဲကစားချိန်ရရှိမှုနည်းပါးနေလို့ စိတ်ပျက်နေပါတယ်။ ဒါကြောင့် သူက အရှေ့အလယ်ပိုင်းဒေသဆီထွက်ခွာဖို့ ခရီးစဉ်ကို အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ထားပြီး အယ်လ်အာလီကလည်း မာရက်ဇ်ကို တစ်နှစ်လုပ်ခလစာ ပေါင် ၄၃ သန်းအပြင် အပိုထပ်ဆောင်းဆုကြေးတွေ ပါဝင်မယ့် နှစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ကမ်းလှမ်းထားပါတယ်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ဆော်ဒီပရိုလိဂ်ဆီ တန်းပြန်တက်လာတဲ့ အယ်လ်အာလီက အယ်လ်နာဆာ၊ အယ်လ်ဟီလယ်၊ အယ်လ်အစ်တီဟတ်တို့လိုပဲ နယူးကာဆယ်အသင်းပိုင်ရှင် ဆော်ဒီ PIF လက်အောက်ရှိ ပိုင်ရှင်တူကလပ်အသင်းတွေ ဖြစ်ပါတယ်။ အလားတူ တဖက်မှာလည်း လိုက်ပ်ဇစ်လူငယ်ခံစစ်မှူး ဂျီဗာဒီအောဟာ မန်စီးတီးကစားသမားသစ်ဖြစ်လာဖို့ နီးစပ်နေသလို လိုင်ယွန်ဗဟိုခံစစ်မှူးအန်ဒီအာယီကိုလည်း ပက်ဂွါဒီယိုလာရဲ့အသင်းက စိတ်ဝင်စားနေပါတယ်။
ဒါ့အပြင် မန်စီးတီးက ဘိုင်ယန်မြူးနစ်နောက်ခံလူ ပါဗက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကိုင်လီဝေါ်လ်ကာ ထွက်ခွာမယ်ဆိုရင် သူ့ကို ခေါ်ယူသွားနိုင်ခြေ ရှိပါတယ်။