ရှေ့သို့
Image

အွန်နရီရဲ့တွန်းအားကြောင့် ပိုကောင်းတဲ့ ကစားသမားဖြစ်လာကြောင်း ဝန်ခံလိုက်တဲ့ နစ္စတယ်ရွိုင်း

1:53 PM, 17 July

ယူနိုက်တက်ကစားသမားဟောင်း နစ္စတယ်ရွိုင်းက ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ တချိန်ကကြီးမားခဲ့တဲ့ပြိုင်ဆိုင်မှုတွေ ရှိခဲ့ကြောင်းနဲ့ အာဆင်နယ်ဂန္တဝင်ကစားသမား အွန်နရီဟာ သူ့ကိုပိုကောင်းတဲ့ ကစားသမားဖြစ်အောင် တွန်းပို့ပေးခဲ့ပြီး တစ်ဦးချင်းအောင်မြင်မှုတွေရရှိအောင်ကူညီခဲ့တဲ့သူဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂိုးသွင်းစွမ်းရည်ပြည့်ဝတဲ့ နယ်သာလန်တိုက်စစ်မှူးဟောင်းဟာ ၂၀၀၂-၂၀၀၃ ပရီးမီးယားလိဂ်ရာသီမှာ ရွှေဖိနပ်ဆုကိုရရှိခဲ့တဲ့အပြင် ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။ သို့သော် ၎င်းရဲ့ပြိုင်ဖက်ဖြစ်ခဲ့တဲ့ အွန်နရီဟာ ပရီးမီးယားလိဂ်ခရီးစဉ်တစ်လျှောက် ရွှေဖိနပ်ဆု ၄ ခုအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဆိုပါကစားသမားနှစ်ဦးဟာ ၂၀ ရာစုအစမှာ ဆာအဲလက်စ်ဖာဂူဆန်ဦးဆောင်တဲ့ ယူနိုက်တက်နဲ့ အာစင်ဝင်းဂါးဦးဆောင်တဲ့ အာဆင်နယ်တို့အကြား အထင်ကရတိုက်ပွဲတွေကို ကိုယ်စားပြုခဲ့တဲ့ ကစားသမားတွေဖြစ်ခဲ့ကြပါတယ်။ အိုးလ်ထရက်ဖို့ဒ်တွင် ငါးရာသီကြာကစားခဲ့တဲ့  နစ္စတယ်ရွိုင်းက အာဆင်နယ်အသင်းရဲ့ စံချန်တင်ဂိုးသွင်းရှင် အွန်နရီနဲ့ပြိုင်ဆိုင်ခဲ့မှုက ၎င်းရဲ့ကစားပုံကိုအဆင့်မြှင့်တင်ဖို့ တွန်းအားတစ်ခုဖြစ်စေခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

နစ္စတယ်ရွိုင်းက PFA သို့ "အွန်နရီက ကျွန်တော့်အတွက် တွန်းအားဖြစ်စေခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ပြိုင်ဖက်တွေက အာဆင်နယ်၊ ချဲလ်ဆီးနဲ့ အခြားအသင်းတွေဖြစ်ပြီး သူတို့က ကျွန်တော်တို့အသင်းကို ပိုကောင်းတဲ့အသင်းဖြစ်လာဖို့ တွန်းအားပေးခဲ့ပါတယ်။ တစ်ဦးချင်းအနေနဲ့လည်း ဒီအသင်းကြီးတွေရဲ့ ကစားသမားတွေက ကျွန်တော့်အတွက်တွန်းအားဖြစ်စေပေမယ့်၊ အွန်နရီလိုတိုက်စစ်မှူး တစ်ယောက်နဲ့ ရွှေဖိနပ်ဆုအတွက် ယှဉ်ပြိုင်လိုက်တဲ့အခါ ကျွန်တော့်ရဲ့ကန့်သတ်ချက်ထက် ကျော်လွန်ပြီး တွန်းအားပေးခံခဲ့ရတာပါပဲ။ အပြန်အလှန်အနေနဲ့ သူ့ကိုလည်း ဘယ်လိုခံစားခဲ့ရကြောင်းမေးချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်တွင် ယူနိုက်တက်နဲ့အာဆင်နယ်တို့ရဲ့ ပြိုင်ဆိုင်မှုဟာ ၂၀၀၅ ခုနှစ်မှာ ချဲလ်ဆီးသို့မော်ရင်ဟို ရောက်ရှိလာပြီးနောက် အဆုံးသတ်ခဲ့ရပြီး နစ္စတယ်ရွိုင်းနဲ့ အွန်နရီတို့ ပြိုင်ဆိုင်မှုဟာလည်း နစ္စတယ်ရွိုင်းက စပိန်ကလပ် ရီးရဲလ်မက်ဒရစ်သို့ ပေါင် ၁၃ သန်းပြောင်းရွှေ့ခဲ့ပြီးနောက် အဆုံးသတ်ခဲ့ပါတယ်။ နယ်သာလန်သား နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်မှာ စုစုပေါင်း ၂၁၉ ပွဲ ကစားခဲ့ပြီး ၁၅၀ ဂိုးသွင်းယူကာ အသင်းနဲ့အတူ လိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အွန်နရီ #နစ္စတယ်ရွိုင်း #ပရီးမီးယားလိဂ်