ရှေ့သို့
Image

မန်စီးတီးတောင်ပံလူ မာရက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူလိုနေတဲ့ အယ်လ်အာလီ

1:22 PM, 17 July

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီက အခုသီတင်းပတ်အတွင်း တောင်ပံကစားသမား မာရက်ဇ်အတွက် မန်စီးတီးနဲ့ ပေါင်သန်း ၃၀ တန် သဘောတူညီမှုတစ်ခု ရရှိလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်စီးတီးနဲ့အတူ သမိုင်းဝင်ဆုဖလားသုံးလုံးအောင်မြင်မှု ဆွတ်ခူးနိုင်ခဲ့တဲ့ အသက်-၃၂ နှစ်အရွယ် တောင်ပံလူက အီတီဟတ်ကလပ်နဲ့ စာချုပ်သက်တမ်း ၂နှစ်ကျန်ရှိနေသေးပေမယ့် လက်ရှိမှာ အယ်လ်အာလီနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီးပါပြီ။ ဒါကြောင့် မာရက်ဇ်ရဲ့ မန်စီးတီးကစားသမားဘ၀ ၅နှစ်တာကာလ အဆုံးသတ်ဆီ နီးကပ်လာခဲ့ပြီး အယ်လ်အာလီဆီပြောင်းရွှေ့နိုင်ဖို့လည်း နီးစပ်နေပါတယ်။

အယ်လ်ဂျီးရီးယား လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်ကလည်း ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ အသုံးပြုဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လအတွင်း Mail Sport ရဲ့ဖော်ပြမှုအရ အယ်လ်အာလီရဲ့ တစ်နှစ်လုပ်ခလစာ ပေါင် ၄၃ သန်းအပြင် အပိုထပ်ဆောင်းဆုကြေးတွေ ပါဝင်မယ့် နှစ်နှစ်သက်တမ်းရှိ ကမ်းလှမ်းမှုတစ်ရပ်ကြောင့် မာရက်ဇ်က သူ့ရဲ့ကစားသမားဘဝကို ဆော်ဒီမြေမှာ အဆုံးသတ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ဆော်ဒီပရိုလိဂ်ဆီ တန်းပြန်တက်လာတဲ့ အယ်လ်အာလီက အယ်လ်နာဆာ၊ အယ်လ်ဟီလယ်၊ အယ်လ်အစ်တီဟတ်တို့လိုပဲ နယူးကာဆယ်အသင်းပိုင်ရှင် ဆော်ဒီ PIF လက်အောက်ရှိ ပိုင်ရှင်တူ ကလပ်အသင်းတွေ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့ ရည်မှန်းချက်နဲ့ ဓနအင်အားတောင့်တင်းမှုမှာ ရှင်းရှင်းလင်းလင်းဖြစ်နေပြီး စီရော်နယ်ဒို၊ ဘန်ဇီးမားတို့လို ဥရောပကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပြီးနောက် နောက်ထပ်ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားကြိုးပမ်းနေပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီနှောင်းပိုင်း၊ မန်စီးတီးရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲတို့မှာ လူစားဝင်ကစားသမားအဖြစ် ပွဲကစားချိန်မရရှိခဲ့တဲ့ မာရက်ဇ်က အခုလိုပွဲထွက်ခွင့်ရရှိမှုနည်းပါးနေမှုအပေါ် စိတ်ပျက်နေပါတယ်။ ဒါပေမယ့် မန်စီးတီးမှ ထွက်ခွာခြင်းကလည်း အနာဂတ်မှာ ဆုဖလားအောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါ့မလားဆိုတဲ့ မရေရာမှုတစ်ခုနဲ့လည်း ရင်ဆိုင်ရပါလိမ့်မယ်။

၂၀၁၈ ခုနှစ်၊ လက်စတာမှ မန်စီးတီးဆီ ရောက်ရှိလာတဲ့ မာရက်ဇ်က အသင်းအတွက် ၂၃၆ ပွဲကစား၊ ၇၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅၉ ကြိမ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #မာရက်ဇ် #ဒူအာလီပါ #အယ်လ်အာလီ