ရှေ့သို့
Image

ဟယ်ရီကိန်းအတွက် သဘောတူညီမှုမရရှိပါက အယ်ဗာရက်ဇ်ကိုခေါ်ယူသွားမယ့် ဘိုင်ယန်မြူးနစ်

12:36 PM, 16 July

ဘိုင်ယန်မြူးနစ်အသင်းဟာ တော့တင်ဟမ်နဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး  ဟယ်ရီကိန်းကိုခေါ်ယူရန်ကြိုးစားနေပြီး သဘောတူညီမှုမရရှိပါက မန်စီးတီးနဲ့အာဂျင်တီးနားကြယ်ပွင့် ဂျူလီယန်အယ်ဗာရက်ဇ်ကိုခေါ်ယူဖို့ကြိုးစားသွားမှာဖြစ်ပါတယ်။


တူချယ်က အသင်းမှာတိုက်စစ်မှူးတစ်ယောက်ကို မဖြစ်မနေခေါ်ယူဖို့လိုအပ်နေပြီး ဟယ်ရီကိန်းကို အမိအရခေါ်နိုင်ရန် အသင်းကိုတိုက်တွန်းနေပါတယ်။ တော့တင်ဟမ်အသင်းဟာ ဟယ်ရီကိန်းအတွက် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုနှစ်ခုကိုပယ်ချခဲ့ပြီး ဒုတိယကမ်းလှမ်းမှုတွင် ပေါင် ၆၈ ဒဿမ ၅ သန်းနဲ့ အပိုဆုကြေးများပါဝင်ကြောင်း သိရှိရပါတယ်။


ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဟယ်ရီကိန်းကိုခေါ်ယူရေး ကလပ်အသင်းနှစ်သင်း၏တာဝန်ရှိသူများ ထိပ်တိုက်ဆွေးနွေးခဲ့ပြီး ဘိုင်ယန်မြူးနစ်က သဘောတူညီမှုရရှိရန် စိတ်အားထက်သန်နေသော်လည်း တော့တင်ဟမ်က အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးတဲ့ အဆိုပါအင်္ဂလန်လက်ရွေးစင်ကို ယခုနွေရာသီတွင်ရောင်းချမှာမ‌ဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။


ကစားသမားကို လက်လွှတ်ဖို့စိတ်ကူးမရှိတဲ့ တော့တင်ဟမ်ကြောင့် ယခင်က ယူနိုက်တက်ဟာ ဟာရီကိန်းကိုခေါ်ယူရန်လက်လျှော့ခဲ့ရပြီး ဘိုင်ယန်မြူးနစ်ကမူ လက်လျှော့လိုခြင်းမရှိ‌သေးပေ။ ပြီးခဲ့တဲ့စနေ‌နေ့တွင် တူချယ်က ဟယ်ရီကိန်းနဲ့ပတ်သက်ပြီး အသင်းကိုစုံစမ်းမေးမြန်းမှုတွေပြုလုပ်ခဲ့ပြီး ဒီနွေရာသီမှာ တိုက်စစ်မှူးစစ်စစ်တစ်ယောက်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။


သတင်းစာရှင်းလင်းပွဲတွင် တူချယ်က" ကျွန်တော် အသင်းဆီကနေ အလွန်ငြီးငွေ့ဖို့ကောင်းတဲ့အဖြေတွေရခဲ့တယ်။ ကျွန်တော်က အသင်းနဲ့မသက်ဆိုင်တဲ့ကစားသမားတွေကို မှတ်ချက်ပေးတာမျိုးတော့မလုပ်ချင်ပါဘူး။ ကျွန်တော်တို့ နံပါတ် ၉ နေရာအတွက်တိုက်စစ်မှူးရှာနေတာ လူတိုင်းသိပါတယ်။ အသင်းနဲ့လိုက်ဖက်တဲ့ကစားသမားတွေ့ရင်တော့ ခေါ်ယူဖို့ဆုံးဖြတ်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး" ကစားသမားရှာမတွေ့ရင်လည်း အသင်းမှာရှိတဲ့လူတွေနဲ့အဆင်ပြေပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ စိတ်ရှည်ရှည်ထားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 


တော့တင်ဟမ်အနေနဲ့ ဟာရီကိန်းကိုဒီနွေရာသီမှာ လက်မလွှတ်ပါက ဘိုင်ယန်မြူးဟာ နောက်နွေရာသီအထိ စောင့်ဆိုင်းဖို့ပြင်ဆင်နေပြီး  ရာသီသစ်အတွက် အခြားရွေးချယ်စရာများကိုရှာဖွေသွားမှာဖြစ်ပါတယ်။


 Sky Sports ရဲ့ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ဟာ အယ်ဗာရက်ဇ်ကို တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ ‌ဒါ့အပြင် ဒူဆန် ဗလာဟိုဗစ်ကိုလည်းပစ်မှတ်ထားနေပါတယ်။ အခုအခါ ဟယ်ရီကိန်းဟာ ရာသီကြိုခြေစမ်းပွဲများအတွက် တော့တင်ဟမ်အသင်းနဲ့အတူ အာရှနဲ့ ဩစတေးလျသို့ခရီးထွက်သွားပြီဖြစ်ပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ဟယ်ရီကိန်း #ဘိုင်ယန်မြူးနစ် #ဂျူလီယန်အယ်ဗာရက်ဇ် #ပရီးမီးယားလိဂ်