ရှေ့သို့
Image

မန်စီးတီးထက် ဘာစီလိုနာကို ဘာကြောင့်ရွေးချယ်ရသလဲဆိုတာထုတ်ပြောလာတဲ့ ဂမ်ဒိုဂန်

9:28 AM, 16 July

ဘာစီလိုနာလူငယ်ကစားသမားတွေရဲ့ အနာဂတ်ကို ပိုမိုတိုးတက်လာအောင် ကူညီပေးချင်တဲ့ဆန္ဒကြောင့် အသင်းဟောင်းမန်စီးတီးမှ ကတ္တလန်ဒေသခံကလပ်ဆီ ပြောင်းရွှေ့လာတာဖြစ်တယ်လို့ ဝါရင့်ကွင်းလယ်လူဂမ်ဒိုဂန်က ပြောပါတယ်။


ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နည်းပြပက်ဂွါဒီယိုလာရဲ့အသင်းနဲ့အတူ သမိုင်းဝင်ဖလားသုံးလုံးအောင်မြင်မှုရယူနိုင်ခဲ့တဲ့ ဂမ်ဒိုဂန်က အခုနွေရာသီ၊ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာပဲ မန်ချက်စတာအခြေစိုက်ကလပ်မှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာခဲ့ပါတယ်။ လက်ရှိမှာတော့ သူက ဂါဗီ၊ ပက်ဒရီနဲ့ အန်ဆုဖာတီတို့လို အလားအလာကောင်းတွေနဲ့ပြည့်နှက်နေတဲ့ လူငယ်ကြယ်ပွင့်သစ်တွေကို ကူညီပေးဖို့ ဆန္ဒရှိနေပြီး အခုလိုငယ်ရွယ်တဲ့ကစားသမားစာရင်းကို ပိုင်ဆိုင်တဲ့အသင်းဆီ ပူးပေါင်းခွင့်ရရှိလို့ စိတ်လှုပ်ရှားမိတယ်လို့ ရှင်းပြလိုက်ပါတယ်။


ဘာစီလိုနာအသင်းဆီ ရောက်ရှိလာပြီးနောက် ဂမ်ဒိုဂန်က "အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာခဲ့တာပါ။ ငယ်စဉ်ကလေးဘဝအချိန်တွေကို မှတ်မိပါသေးတယ်။ ဖရန့်ရီကတ်နဲ့ ပက်ဂွါဒီယိုလာလက်အောက် ဘာစီလိုနာအသင်းရဲ့ပွဲစဉ်တွေကို ကြည့်ရှုပြီးချိန်မှာ ဘောလုံးရာသီတိုင်းလိုလို ကျွန်တော် ဒီကလပ်အသင်းကို အားပေးဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒီနေရာမှာ၊ ဒီကွင်းကြီးထဲမှာ အချိန်အနည်းငယ်လောက် ရောက်ခဲ့ဖူးတယ်ဆိုတာ သေချာပါတယ်။ ပွဲကြည့်ပရိသတ်အနေနဲ့လည်း ရောက်လာခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ ဒီအသင်းရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်လာရလို့ ကျွန်တော် ပျော်ရွှင်နေပြီး ဂုဏ်ယူမိပါတယ်။ 


ကျွန်တော့်အမြင်အရ ဒီအသင်းမှာ အလားအလာကောင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့မှာ အလွန်ငယ်ရွယ်တဲ့ လူစာရင်းတစ်ခုရှိပါတယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံတွေနဲ့အတူ ဒီလူငယ်ကစားသမားလေးတွေကို နောက်တစ်ဆင့်ဆီတက်လှမ်းနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒီအသင်းမှာ အခြေခံကောင်းတွေရှိသလို အလားအလာကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့က လာမယ့်ဘောလုံးရာသီသစ်မှာ ဒီလိုအရာတွေကို ထုတ်ဖော်ပြသသွားဖို့ပဲ လိုအပ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော် ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့တာပါ။ အခုအချိန် ကျွန်တော့်ဆီမှာ စိတ်အားထက်သန်မှုအပြည့်၊ စေတနာအပြည့် ရှိနေပါတယ်"လို့ ပြောပါတယ်။


ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်စီးတီးက သမိုင်းဝင်အောင်မြင်မှုကို ရှာဖွေနိုင်ခဲ့သလို ဘာစီလိုနာကလည်း လာလီဂါပြိုင်ပွဲမှာ အနီးဆုံးပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကို ၁၀ မှတ်အထိဖြတ်ကာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်နဲ့ ဂျာမနီမြေမှာ အမှတ်ပေးချန်ပီယံဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ဂမ်ဒိုဂန်က စပိန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံဆုရရှိနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။

ဂမ်ဒိုဂန်အနေဖြင့် ဂျူဗင်တပ်စ်၊ အာဆင်နယ်၊ တော့တင်ဟမ်တို့နဲ့ရင်ဆိုင်ရမယ့် ဘာစီလိုနာရဲ့ရာသီကြိုခရီးစဉ်မှာ ပါဝင်ခွင့်ရရှိဖို့ ဆန္ဒရှိနေပါလိမ့်မယ်။

#လာလီဂါ #ဘာစီလိုနာ #မန်စီးတီး #ဂမ်ဒိုဂန် #ပရီးမီးယားလိဂ်