ရှေ့သို့
Image

လိဒ်တိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ကာတာကလပ် အယ်ရေယန်

11:32 AM, 13 July

အသက် ၃၂ နှစ်အရွယ်ရှိ စပိန်တိုက်စစ်မှူး ရိုဒရီဂို သည် လိဒ်အသင်းနှင့် ၎င်း၏ စာချုပ်တွင် တန်းဆင်းရပါက အသင်းမှထွက်ခွာနိုင်သည့် စည်းကမ်းချက်ပါရှိသောကြောင့် လျှော့စျေး ပေါင် ၃ သန်းဝန်းကျင်ဖြင့် လိဒ်အသင်းမှ ထွက်ခွာနိုင်မှာဖြစ်ပါတယ်။

ရိုဒရီဂိုဟာ မိုနာကိုနည်းပြဟောင်း လီအန်ဒရို ဂျာဒင် ကိုင်တွယ်နေသော အယ်ရေယန်အသင်းနှင့် ဆေးစစ်ချက်ကို ယနေ့တွင်ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ ရိုဒရီဂိုသည် ၂၀၂၀ ခုနှစ်တွင် ဗလင်စီယာမှ လိဒ်အသင်းသို့ ပေါင် ၂၆ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး ၎င်းသည် လိဒ်၏စံချိန်တင် ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။

စပိန်အသင်းအတွက် ၂၈ ပွဲကစားပေးထားတဲ့ အဆိုပါတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ ၈၈ ပွဲကစားပြီး ၂၆ ဂိုးအထိ သွင်းယူနိုင်သူဖြစ်ကာ ပြီးခဲ့တဲ့ရာသီက တန်းဆင်းခဲ့တဲ့ လိဒ်အသင်းအတွက်လည်း ၁၃ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ သူသည် အစောပိုင်းတွင် အသင်းနှင့် လိုက်လျောညီထွေရှိရန် ရုန်းကန်ခဲ့ရသော်လည်း ယမန်နှစ်က အသင်းအတွက် အရေးပါခဲ့သော လိဒ်ကစားသမားအနည်းငယ်ထဲမှ တစ်ဦးဖြစ်ပါတယ်။

အဲဗာတန်ဟာ မကြာသေးခင် ရက်ပိုင်းက အဆိုပါတိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့အတွက် ချိတ်ဆက်နေခဲ့ပါတယ်။ လိဒ်နှင့် နည်းပြသစ် ဒန်နီရယ် ဖာကီတို့သည် လာမည့်ရာသီပြီးဆုံးပါက ပရီးမီးယားလိဂ်သို့ ပြန်လည်တန်းတက်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။ ရိုဒရီဂိုသည် ၎င်း၏ကလပ်အသစ်တွင် ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း ဘူဖယ်နှင့် အန်ဇွန်ဇီ တို့နှင့် ပြန်လည်တွေ့ဆုံနိုင်ဖွယ်ရှိနေပါတယ်။

ဘူဖယ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဆောက်သမ်တန်အသင်းတွင် ကစားခဲ့ပြီး ဆဲလ်တာဗီဂိုအသင်းသို့ တစ်ရာသီအငှားဖြင့် သွားရောက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ သူ ၂၀၁၇ ခုနှစ်က ဝက်စ်ဟမ်းနှင့် ပွဲမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ အံ့မခန်း တစ်ကိုယ်တော် သွင်းဂိုးဟာ အားလုံးရဲ့စိတ်ထဲမှာအမှတ်ရနေပါလိမ့်မယ်။

အန်ဇွန်ဇီသည်လည်း ပရီးမီးယားလိဂ်ကလပ် ဘလက်ဘန်းအသင်းနှင့် စတုတ်စီးတီးအသင်းတို့တွင်ကစားခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အင်္ဂလန်မှ ဆီဗီလာသို့ သွားရောက်ကစားခဲ့သူဖြစ်ပါတယ်။ အန်ဇွန်ဇီဟာ ၂၀၁၆ ခုနှစ်မှာ ဆီဗီလာအသင်းနှင့်အတူ ယူရိုပါလိဂ်ဖလားကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။

လိဒ်အသင်းဟာ ၎င်းတို့ရဲ့နောက်ခံလူ ခရစ်စတန်ဆင်ကိုလည်း ရိုးမားအသင်းသို့ အငှားဖြင့် စေလွှတ်ဖွယ်ရှိနေပါတယ်။ အဆိုပါ အသက်၂၆ နှစ်အရွယ် ဒိန်းမတ် နောက်ခံလူအား ရတ်ဘူးဆဲလ်ဘတ်အသင်းမှ ပေါင် ၁၀ သန်းဖြင့် ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ရိုးမားအသင်းသို့ အငှားဖြင့် သွားရောက်ကစားနေသော နောက်ခံလူ လောရန်တီနှင့် ပြန်လည်ဆုံတွေ့ဖွယ်ရှိနေပါတယ်။

#ရိုဒရီဂို #လိဒ်စ်ယူနိုက်တက် #အပြောင်းအရွှေ့