ရှေ့သို့
Image

ယူနိုက်တက်အတွက် ပထမဆုံးပွဲထွက်ခဲ့တဲ့ မေဆင်မောင့်နဲ့ အသင်းရဲ့ခြေစွမ်းကို အားရကျေနပ်မှုရှိနေတဲ့ တန်ဟက်

10:23 AM, 13 July

ဗုဒ္ဓဟူးနေ့က အော်စလို၌ ကစားခဲ့တဲ့ လိဒ်အသင်းနဲ့ပွဲစဉ်မှာ မေဆင်မောင့်က ယူနိုက်တက်အင်္ကျီကို ဝတ်ဆင်ကာ ပထမဆုံးပွဲထွက်ပါဝင်ခွင့်ရခဲ့ပါတယ်။ ယူနိုက်တက်က လိဒ်ကို ၂-၀ နဲ့အနိုင်ရရှိခဲ့ပြီး တန်ဟက်က အသင်းရဲ့ကစားပုံကို အားရကျေနပ်ကာ ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

အသင်းရဲ့အဓိကကစားသမားအများစု မပါဝင်သေးသော်လည်း အဆိုပါချစ်ကြည်ရေးပွဲစဉ်၌ ယူနိုက်တက်ဟာ ပထမပိုင်းမှာ တောင့်တင်းတဲ့လူစာရင်းကို ထုတ်သုံးခဲ့ပြီး မေဆင်မောင့်ကလည်း ဂိုးရရှိဖို့နီးစပ်ခဲ့ပါတယ်။ သို့သော်ပထမပိုင်းမှာ ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ဒုတိယပိုင်းမှာ တန်ဟက်က လူစားအပြောင်းအလဲတွေပြုလုပ်ခဲ့တာကြောင့် အသင်းရဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ အီမရန်၊ ဟျူဂီလ်တို့က အသီးသီးဂိုးများသွင်းယူပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှ တန်းဆင်းသွားခဲ့တဲ့ လိဒ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါ့အပြင်အသင်းရဲ့ကစားသမားသစ် မေဆင်မောင့်ကလည်း ယူနိုက်တက်ရဲ့အင်္ကျီဝတ်ဆင်ပြီး ပွဲထွက်ကစားခွင့်ရတာ ကျေနပ်မိကြောင်း နဲ့ နည်းပြတန်ဟက်ရဲ့ နည်းဗျူဟာနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေပြီး နည်းပြ သတ်မှတ်ပေးတဲ့နေရာမှာ ကစားရတာကျေနပ်ကြောင်းပြောကြားခဲ့ပါတယ်။

MUTV မှ မောင့်ကို ယူနိုက်တက်ကစားသမားအဖြစ် ပထမဆုံးအကြိမ်ပွဲထွက်ပါဝင်ခွင့်ရတဲ့အပေါ် မည်ကဲ့သို့ခံစားရကြောင်းမေးမြန်းရာတွင်" အရမ်းကောင်းပါတယ်။ တစ်ပတ်လောက်ကြာအောင် ကြိုးကြိုးစားစားလေ့ကျင့်ခဲ့တာက အခုပွဲမှာ သိသိသာသာပဲ အကျိုးသက်ရောက်မှုရှိပါတယ်။ ပြီးတော့ ကျွန်တော်ဒီနေ့ကစားခဲ့ရတဲ့ နေရာကိုလည်း သဘောကျပါတယ်။ ဒီပွဲမှာ ဘောလုံးကို မဆုံးရှူံးစေဘဲ ကိုင်ထားနိုင်ပြီး တိုက်စစ်ကိုစတင်မယ့် နေရာကနေကစားခဲ့ရတာပေါ့" လို့ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး " ဒါပေမယ့်လည်း ရှေ့တန်းကို လွတ်လွတ်လပ်လပ်တက်ကစားနိုင်ပြီး ဂိုးဧရိယာထဲကနေ တစ်ဖက်အသင်းကို ဖိအားပေးနေတဲ့ တိုက်စစ်မှူးတွေကိုအကူအညီပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ အခုကစားခဲ့ရတဲ့နေရာကို တကယ်သဘောကျပါတယ်။ ‌အနောက်ကနေ ဘောလုံးစတင်ပြီး ဂိုးရရှိဖို့ အခွင့်အရေးဖန်တီးနိုင်သလို အရှေ့မှာလည်း တိုက်စစ်နဲ့အတူလိုက်ပါပြီးဖိအားပေးနိုင်ပါတယ်။ ပြီးတော့ အဲဒါကတကယ်အလုပ်ဖြစ်ခဲ့တယ်လို့လည်းထင်ပါတယ်။ ကျွန်တော်တို့မှာ ခက်ခဲတဲ့ရက်သတ္တပတ်တစ်ခု ရှိခဲ့ပေမယ့် ဒီပွဲမှာကစားခဲ့ရတဲ့ ၄၅ မိနစ်မှာ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နည်းပြလိုချင်တဲ့ပုံစံကို ကစားသမားတွေက နားလည်ကြပြီး ကွင်းထဲမှာ လက်တွေ့အသုံးချနိုင်ခဲ့ကြပါတယ်" ဟုပြောကြားခဲ့ပါတယ်။

တန်ဟက်ကလည်း မောင့်ရဲ့ခြေစွမ်းကို အားရ‌ကျေနပ်မှုရှိနေပြီး ပေါင် ၅၅ သန်းတန်သဘောတူညီမှုနဲ့ ထိုက်တန်မှု ရှိသလားဟု မေမြန်းရာတွင် " သူ့ခြေစွမ်းကတော့ ကောင်းပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ ဒီပွဲကသူ့ရဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး သူ့မှာကောင်းမွန်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားပါတယ်။ အသင်းရဲ့ကစားပုံကို အပြည့်အဝကူညီပေးနိုင်မယ့် ကစားသမားတစ်ယောက်ပါ" လို့ဖြေကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လိဒ်စ်ယူနိုက်တက် #မေဆင်မောင့် #အဲရစ်တန်ဟက် #ခြေစမ်းပွဲ