ရှေ့သို့
Image

လိဒ်စ်နဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်ကြယ်ပွင့် ကိုဘီမိုင်နိုးကို ချီးကျူးခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်များ

9:34 AM, 13 July

ယူနိုက်တက်လူငယ်ကြယ်ပွင့်လေး ကိုဘီမိုင်နိုးဟာ အသက်၁၈နှစ်သာရှိသေးပေမယ့် စီနီယာအသင်းကြီးအတွက် အသင့်ဖြစ်နေပြီဆိုတာကို ယမန်နေ့ညက လိဒ်စ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ သက်သေပြခဲ့ပါတယ်။ နည်းပြ အဲရစ်တန်ဟတ်ဟာ လိဒ်စ်နဲ့ခြေစမ်းပွဲ အတွက် ကစားသမား၂၆ယောက်ကို နော်ဝေနိုင်ငံထံ ခေါ်ဆောင်လာခဲ့ပါတယ်။

ပွဲထွက်လူစာရင်းမှာ ကစားသမားသစ် မေဆင်မောင့်နဲ့အတူ မာတီနက်ဇ်၊ ဗာရာနီ၊ ဆန်ချို၊ ဝမ်ဘစ်ဆာကာ၊ ဒီယာလိုတို့လို စီနီယာကစားသမားတွေ ပါဝင်ကစားခဲ့ပါတယ်။ အဆိုပါ ကစားသမားတွေနဲ့အတူ လူငယ်ကြယ်ပွင့်အချို့လည်း ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး မိုင်နိုးကတော့ သိသိသာသာ ခြေစွမ်းကောင်းတစ်ရပ်ကို ပြသနိုင်ခဲ့ပါတယ်။

လူမှုကွန်ရက်က ပရိသတ်တွေကတော့ မိုင်နိုးရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ကြပြီး အချို့ဆိုရင် ယူနိုက်တက်က လူငယ်လေးကို နေရာပေးပြီး ကွင်းလယ်လူသစ် ထပ်မခေါ်သင့်တော့ဘူးလို့တောင် ပြောဆိုနေကြပါတယ်။

ပရိသတ်တစ်ဦးက “ကိုဘီမိုင်နိုးက ထိပ်တန်းအဆင့်မှာ တန်းပြီကစားနိုင်ပါလိမ့်မယ်။ ငါ အလွန်အကျွံပြောတာမျိုး မဟုတ်ပေမယ့် သူ့ရဲ့အရည်အသွေးက ထိပ်တန်းအဆင့်ပါ”လို့ ရေးခဲ့ပါတယ်။ နောက်တစ်ဦးက “မိုင်နိုးက အနာဂတ်မှာ တောက်ပလာမယ့်ကြယ်ပွင့်တစ်ဦးဆိုတာကို သိပ်အများကြီး ကြည့်နေစရာတောင် မလိုပါဘူး”လို့ ဆိုပါတယ်။ နောက်တစ်ယောက်က “မိုင်နိုးက ကြီးကျယ်တဲ့အရာတွေ ယူဆောင်လာပေးမယ်ဆိုတာ သူကစားတာ ၁၀မိနစ်လောက်ပဲကြည့်ရုံနဲ့ သိနိုင်ပါတယ်”လို့ ချီးကျူးခဲ့ပါတယ်။ ယူနိုက်တက်တောင်ပံကစားသမား ဂါနာချိုကတောင် မိုင်နိုးရဲ့ခြေစွမ်းတွေကို ကြည့်ရှုခဲ့ပြီးနောက် အင်စတာဂရမ်မှာ “မင်းက GOATပဲ”လို့ ရေးသားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လိဒ်စ်ယူနိုက်တက် #တန်ဟတ် #ခြေစမ်းပွဲ #မိုင်နိုး