ရှေ့သို့
Image

ဘောလုံးရာသီသစ်အတွက် လီဗာပူးရဲ့ရည်မှန်းချက်ကို ဖွင့်ပြောလာတဲ့ ဂတ်ပို

3:16 PM, 12 July

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း မာဆေးဆိုဒ်ဒေသဆီ ရောက်ရှိလာတဲ့ ဂတ်ပိုဟာ လီဗာပူး ကစားသမားအဖြစ် ဘောလုံးရာသီတစ်ခုကို အပြည့်အဝဖြတ်သန်းဖို့ မျှော်လင့်နေပါတယ်။

အသင်းဖော်အသစ်တွေအပါအဝင် လီဗာပူးကစားသမားတွေနဲ့အတူ ရာသီကြိုလေ့ကျင့်ပြင်ဆင်မှု စတင်လာတဲ့ နယ်သာလန်တိုက်စစ်မှူးက လာမယ့်ရာသီသစ်အတွက် သူတို့အသင်းနဲ့ သူ့ရဲ့ရည်မှန်းချက်တွေအကြောင်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ဒတ်ချ်တိုက်စစ်မှူး ဂတ်ပိုက လီဗာပူးမှာ ကောင်းမွန်တဲ့ စတင်မှုတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယရာသီဝက်ကာလမတိုင်ခင် အသင်းဆီရောက်ရှိလာတဲ့ ဂတ်ပိုက ငါးလတာကာလအတွင်း ၂၆ ပွဲကစား၊ ခုနစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု ခြောက်ကြိမ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဂတ်ပိုက ကလော့ပ်လက်အောက် ရာသီကြိုပြင်ဆင်မှုတွေစတင်ဖို့ အသင်းဆီပြန်လည် ပူးပေါင်းလာတဲ့ ကစားသမား ၁၄ ဦးအနက် တစ်ဦး ဖြစ်လာပါတယ်။ ဒီနောက်မှာတော့ လီဗာပူးဝက်ဘ်ဆိုဒ်နဲ့ တွေ့ဆုံကာ ရာသီသစ်အတွက် သူ့ရဲ့ရည်မှန်းချက်အပါအဝင် အကြောင်းအရာများစွာကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။

ဂတ်ပိုက“လက်ရှိအခိုက်အတန့်မှာ လူတိုင်းလူတိုင်း တူညီတဲ့ စိတ်ဆန္ဒရှိနေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနှစ်မှာတော့ အောင်မြင်မှုတစ်ခုခုကို ပြန်လည်ရယူဖို့ အမှန်တကယ်ဆန္ဒရှိနေပါတယ်။ ဒါက အဓိကပစ်မှတ်ပါ။ ဒီအတွက် ကျွန်တော်တို့ ကြိုးစားလေ့ကျင့်ရပါလိမ့်မယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီကိုလည်း ကျွန်တော်တို့ နိုင်ပွဲဆက်ရလဒ်တွေနဲ့အတူ အကောင်းဆုံးပိတ်သိမ်းနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီပုံစံအတိုင်း နောက်တစ်ကြိမ်ပြန်လည် စတင်ကာ တစ်ရာသီလုံးကို ဖြတ်သန်းသွားရပါမယ်။ ဒါမှသာ ဆုဖလားတွေ ဆွတ်ခူးနိုင်ပြီး ကျွန်တော်တို့အသင်း ဘယ်လောက်တောင်ကောင်းတယ်ဆိုတာ အခြားသူတွေကို ပြသနိုင်ပါလိမ့်မယ်။ အဆုံးမှာတော့ ကျွန်တော်တို့အသင်း အနိုင်ရပြီး ဆုဖလားအချို့ကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် နယ်သာလန်တိုက်စစ်မှူးက လီဗာပူး ကစားသမားသစ်တွေဖြစ်တဲ့ မက်အယ်လစ္စတာနဲ့ ဆိုဘိုဆလိုင်းတို့ကို ချီးမွှမ်းစကားဆိုခဲ့ပါတယ်။ “အရမ်းကျေနပ်အားရမိပါတယ်။ သူတို့တွေက ကစားသမားကောင်းတွေဆိုတာ လူတိုင်းသိကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့နှစ်ဦးနဲ့ တွဲကစားခွင့်ရရှိဖို့ ကျွန်တော် အမှန်တကယ်မျှော်လင့်နေပါတယ်”လို့ ဂတ်ပိုက ဆက်ပြောခဲ့ပါတယ်။

#လီဗာပူး #ဂတ်ပို #ပရီးမီးယားလိဂ်