ရှေ့သို့
Image

ဆိုလိုမွန်ကိုခေါ်ယူမှု၊ မစ်ကီဗန်ဒီဗင်နဲ့ ဒါဗင်ဆန်ဆန်းချက်ဇ်တို့ သတင်းများအပါအဝင် တော့တင်ဟမ်အသင်းရဲ့ ‌နောက်ဆုံးရသတင်းများ

12:57 PM, 12 July

ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းနဲ့ တော့တင်ဟမ်အသင်းတို့ဟာ မစ်ကီဗန်ဒီဗင် ခေါ်ယူဖို့ အပြိုင်အဆိုင် ကမ်းလှမ်းခဲ့ကြသောလည်း ယခုအခါ လီဗာပူးအသင်းက လက်လျှော့လိုက်ပြီလို့သိရပါတယ်။

အဆိုပါဝုဖ်ဘတ်အသင်း နောက်ခံလူဟာ ဘွန်ဒက်စ်လီဂါမှာ အထင်ကြီးလောက်စရာခြေစွမ်းကိုပြသထားပြီး ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုခံနေရသူဖြစ်ပါတယ်။ နယ်သာလန်ကလပ် ဗိုလန်ဒမ်မှာ ဗဟိုနောက်ခံလူအဖြစ် ကစားသမားဘဝစတင်ခဲ့တဲ့ ဗန်ဒီဗင်ဟာ ယခုအခါဂျာမနီမှာ တဟုန်ထိုးတိုးတက်လာပြီး အောင်မြင်တဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ယူရိုချန်ပီယံရှစ်မှာ နယ်သာလန်ယူ -၂၁ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ နောက်ခံလူကို ယခုနွေရာသီမှာ  လီဗာပူးနဲ့ တော့တင်ဟမ်တို့က အပြိုင်အဆိုင်ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီသတင်းများအရ အခုအခါလီဗာပူးအသင်းက ကစားသမားကို ခေါ်ယူဖို့အစီအစဉ်မရှိတော့ဘူးလို့ သိရပါတယ်။

ဂျာမန်ထုတ် Westdeutsche Allgemeine Zeitung ရဲ့ အစီရင်ခံစာမှာLiverpool ECHO မှတစ်ဆင့် လီဗာပူးဟာ ဗန်ဒီဗင်ကို ခေါ်ယူမယ့် အစီအစဉ်တွေကို နိဂုံးချုပ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။  လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်နဲ့ဘောလုံးဒါရိုက်တာအသစ် Jorg Schmadtke တို့ဟာ နယ်သာလန်ဗဟိုနောက်ခံလူနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ပြီး ခေါ်ယူမှုကိုလက်လျှော့ရန် ဆုံးဖြတ်ခဲ့တယ်လို့ သတင်းများကဖော်ပြထားပါတယ်။

တော့တင်ဟမ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ရှက်တာဒိုးနက်မှဖူလ်ဟမ်သို့ အငှားနဲ့လာရောက်ကစားနေစဉ် ပြိုင်ပွဲပေါင်းစုံ ၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ‌မာနော်ဆိုလိုမွန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့ပြီး ယခုနွေရာသီ၌ အသင်းရဲ့ ပဉ္စမမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။ တော့တင်ဟမ်ကစားသမားသစ်ဖြစ်လာတဲ့ ဆိုလိုမွန်က ၎င်းရဲ့တွစ်တာစာမျက်နှာမှာ "ဒီလိုခမ်းနားတဲ့ ဘောလုံးအသင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားပြီး အရမ်းဝမ်းသာမိပါတယ်။ နောက်ရာသီစတင်ဖို့အတွက် မစောင့်နိုင်တော့ပါဘူး" လို့ရေးသားထားပါတယ်။ ဒါ့အပြင် တော့တင်ဟမ်အသင်းဟာ နောက်ခံလူ ဒါဗင်ဆန်ဆန်းချက်ဇ်ကို အသင်းမှလက်လွှတ်ရဖွယ်ရှိနေပြီး ၎င်းအတွက်ပေးချေခဲ့တဲ့ ပေါင် ၃၃ ဒဿမ ၅ သန်းကိုလည်း ဆုံးရှူံးသွားမှာဖြစ်ပါတယ်။

ဆန်းချက်ဇ်ဟာ တော့တင်ဟမ်သို့ ၂၀၁၇ ခုနစ်မှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့ပေမယ့် ခြေစွမ်းပြရန်ရုန်းကန်နေရပြီး ပွဲထွက်ခွင့်များလျော့နည်းလာကာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၈ ပွဲသာ ကစားခဲ့ရတာဖြစ်ပါတယ်။ အဆိုပါကိုလံဘီယာနောက်ခံလူဟာ တော့တင်ဟမ်အသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီး ယခုနွေရာသီမှာ အသင်းကနေထွက်ခွာတော့မယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

နယ်သာလန်ရှိ Eindhovens Dagblad မှတစ်ဆင့် Sports Witness ကဆန်းချက်ဇ်ဟာ လာမည့်လများအတွင်း ထွက်ခွာနိုင်တယ်လို့ဖော်ပြနေပြီး  PSV ကခေါ်ယူဖို့ချိတ်ဆက်မှုတွေပြုလုပ်နေပြီး အသင်းဟောင်းအေဂျက်စ်ကလည်း ၎င်းတို့ရဲ့ ‌နောက်ခံလူဟောင်းနဲ့ ပြန်လည်ပေါင်းစည်းဖို့မျှော်လင့်နေတယ်လို့ သိရပါတယ်။

#တော့တင်ဟမ် #အပြောင်းအရွှေ့ #ဆန်းချက်ဇ် #ဆိုလိုမွန် #မစ်ကီဗန်ဒီဗင်