ရှေ့သို့
Image

ကွင်းလယ်ကစားသမားအဖြစ် ပြောင်းလဲကစားရမယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဖွင့်ဟလာတဲ့ အာနိုးလ်

9:57 AM, 12 July

အင်္ဂလန်နောက်ခံလူ အာနိုးလ်က လာမယ့်ရာသီ၊ လီဗာပူးအသင်းအတွက် ကွင်းလယ်မှာ ကစားခွင့်ရရှိမယ်ဆိုရင် ပျော်ရွှင်မိမှာဖြစ်ပြီး ဒီအတွက်ဆုံးဖြတ်ရမယ့် အပိုင်းကတော့ နည်းပြကလော့ပ်ပေါ်မှာပဲ မူတည်ပါတယ်လို့ ဖွင့်ဟလာပါတယ်။ မာဆေးဆိုဒ်သားက လတ်တလောမှာ အကောင်းဆုံး ညာအစွန်နောက်ခံလူ ကစားသမားတွေအနက် တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ကလော့ပ်ရဲ့ အသင်းအတွက်လည်း အရေးပါတဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီနှောင်းပိုင်းမှာ အာနိုးလ်ဟာ ပုံမှန်ညာနောက်ခံလူနေရာမှ ကွင်းလယ်အထိ တက်ရောက်ကစားခဲ့ပြီး ပုံစံကောင်းပြသနိုင်ခဲ့လို့ အင်္ဂလန်လက်ရွေးစင်အသင်း နောက်ဆုံး ကစားခဲ့တဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေမှာလည်း အသက်-၂၄ နှစ်အရွယ် ကစားသမားက ကွင်းလယ်ကစားသမားအဖြစ် ပွဲထွက်ပါဝင်ခွင့် ရရှိခဲ့ပါတယ်။

Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် အာနိုးလ်က “ဒါက ကျွန်တော် ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော့်ကို ကစားခိုင်းတဲ့နေရာမှာပဲ ကစားရတာပါ။ ဒါကြောင့် ကျွန်တော် ပြောနိုင်တာက ဘောလုံးကစားရတာကို ကြိုက်နှစ်သက်ပြီး ညာနောက်ခံလူနေရာမှာပဲဖြစ်ဖြစ်၊ ကွင်းလယ်မှာပဲဖြစ်ဖြစ် ပျော်ရွှင်ပါတယ်ဆိုတာပါပဲ။ ကွင်းလယ်လူနှစ်ဦးအတွက် စိန်ခေါ်မှုတွေကို ကျွန်တော်ခံစားရပြီး အဲ့ဒီနေရာမှာ ကစားရတာ ပျော်ပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာလည်း ကွင်းလယ်တက်ကစားရမယ်ဆိုရင် ကျွန်တော် ပျော်ရွှင်မိလိမ့်မယ်ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်အနေနဲ့ ဘယ်နေရာမှာကစားရမယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး” လို့ ပြောပါတယ်။

လီဗာပူးကြယ်ပွင့်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးနီးပါးကို ပါဝင်ကစားခဲ့ပြီး ရာသီနှောင်းပိုင်းမှာတော့ ကွင်းလယ်အထိ တက်ရောက်ကစားခွင့် ရရှိခဲ့ပါတယ်။ အခုလိုနေရာပြောင်းလဲကစားမှုနဲ့ အတူ အာနိုးလ်က နောက်ဆုံးပရီးမီးယားလိဂ် ၁၀ ပွဲမှာ တစ်ဂိုးသွင်း၊ ခုနစ်ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ ဇွန်လပွဲစဉ်တွေမှာလည်း တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု တစ်ကြိမ်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လီဗာပူး အကယ်ဒမီထွက်ကစားသမားက အခုသီတင်းပတ်အတွင်း ကလပ်အသင်းဖော်တွေနဲ့ အတူ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ဆီ ပူးပေါင်းလာခဲ့ပါတယ်။

#လီဗာပူး #အင်္ဂလန် #အာနိုးလ် #ပရီးမီးယားလိဂ်