ရှေ့သို့
Image

ချဲလ်ဆီးဆီ အငြင်းပွားဖွယ်ပြောင်းရွှေ့ပြီးနောက် ဖာဂူဆန်ကို ကြောက်ရွံ့မိခဲ့တယ်လို့ ဖွင့်ဟလာတဲ့ မီခေးလ်

1:52 PM, 11 July

မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပေမယ့် နောက်ပိုင်းမှာ ချဲလ်ဆီးဆီ အငြင်းပွားဖွယ် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့ ပထမဆုံးတွေ့ဆုံချိန်မှာ ကြောက်ရွံ့ထိတ်လန့်ခဲ့တယ်လို့ မီခေးလ်က ဖွင့်ဟပြောဆိုလိုက်ပါတယ်။

၂၀၀၅ ခုနှစ်မှာ လင်းအော်စလိုကစားသမား၊ အသက်-၁၈ နှစ်အရွယ် မီခေးလ်က မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ယူနိုက်တက်ဘက်ကလည်း မီခေးလ်နဲ့ လေးနှစ်စာချုပ် ချုပ်ဆိုကာ ၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အိုးထရက်ဖို့ဒ်ဆီ ခေါ်ယူဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီအပြောင်းအရွှေ့ဇာတ်လမ်းဆီ ချဲလ်ဆီးတို့ ဝင်ရောက်လာခဲ့ပြီး မီခေးလ်နဲ့ သူ့ရဲ့အေးဂျင့်တို့ကိုပါ သဘောတူညီမှုတစ်ခုရရှိအောင် ဆွေးနွေးနိုင်ခဲ့ပါတယ်။

နော်ဝေးနိုင်ငံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ယူနိုက်တက်ဂျာစီအင်္ကျီဝတ်ဆင်ထားတဲ့ မီခေးလ်ကို မြင်တွေ့ခဲ့ရပေမယ့် နောက်ပိုင်းမှာ သူက ကစားသမားအေးဂျင့်တွေမပါဘဲ မန်ချက်စတာယူနိုက်တက်နဲ့စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ဖိအားပေးခံခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုခဲ့သလို ချဲလ်ဆီးဆီသာ ပြောင်းရွှေ့ချင်ခဲ့တာပါလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဘက်ကလည်း မီခေးလ်ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းအပေါ် ဖီဖာအထိ တိုင်ကြားခဲ့ပေမယ့် ၂၀၀၆ ခုနှစ်၊ ဇွန်လမှာတော့ ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ လင်းအော်စလိုတို့အကြား ကစားသမားရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဖြေရှင်းဖို့နည်းလမ်း ရှာဖွေနိုင်ခဲ့ပါတယ်။ မီခေးလ်က ချဲလ်ဆီး ပြောင်းရွှေ့ကြေးပေါင် ၁၆ သန်းနဲ့ ရောက်ရှိခဲ့ပေမယ့် ဒီအပြောင်းအရွှေ့အပြီး ပထမဆုံးအကြိမ် ဖာဂူဆန်နဲ့ ရင်ဆိုင်တွေ့ချိန်မှာ သူ့ရဲ့ ရယ်ရွှင်ဖွယ်ရာအဖြစ်အပျက်တစ်ခုကို ထုတ်ပြောလာပါတယ်။

အရှိန်အဝါကြီးမားတဲ့ ဝါရင့်နည်းပြကြီးရဲ့ အကြည့်တစ်ချက်မှာ နိုင်ဂျီးရီးယားသား လှေကားပေါ်မှ ချော်လဲကျခဲ့သလို ယူနိုက်တက်နည်းပြရှေ့မှောက်မှ အမြန်ဆုံးပုန်းရှောင်ဖို့ ကြိုးစားခဲ့တယ်လို့ ကာယကံရှင်ကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။

မီခေးလ်က “မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ကစားရမယ့်ပွဲစဉ်မှာ ကျွန်တော် ဖာဂူဆန်နဲ့ တွေ့ခဲ့ပါတယ်။ ကျွန်တော် အဝတ်လဲခန်းထဲမှ ထွက်လာပြီး အဝတ်လဲခန်းထောင့်ရောက်လာချိန်မှာပဲ သူလည်း ထွက်လာတာပါပဲ။ ဖာဂူဆန်ကိုတွေ့လိုက်ချိန် ကျွန်တော် အတော်လေးထိတ်လန့်မိခဲ့ပါတယ်။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျွန်တော် လုံးဝမမှတ်နိုင်တော့ပါဘူး။ သူ ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်ပြီး ထွက်သွားချိန်မှာ ကျွန်တော် လှေကားပေါ်မှ ချော်ကျသွားတယ်ထင်တာပဲ။ ဖာဂူဆန်ကတော့ ပီကယ်ဝါးပြီး ဆက်လျှောက်သွားတာပါပဲ။ သူ ဘာတစ်ခွန်းမှလည်း ကျွန်တော့်ကို မပြောပါဘူး”လို့ ပြောပါတယ်။

ဒါပေမယ့် ဖာဂူဆန်က မီခေးလ်ရဲ့အပြောင်းအရွှေ့ဆုံးဖြတ်ချက်အပေါ် ခွင့်လွှတ်သက်ညှာမှုပေးခဲ့တယ်လို့ ချဲလ်ဆီးကစားသမားဟောင်းက ဆက်ပြောလာပါတယ်။

“ဖာဂူဆန်ရဲ့အကြည့်က သေလောက်ပါတယ်။ ဒီဖြစ်ရပ်ပြီး နောက်ထပ်အကြိမ်အနည်းငယ် သူနဲ့တွေ့ဆုံခဲ့ပြီးနောက် ကျွန်တော်ရဲ့ အပြောင်းအရွှေ့ဆုံးဖြတ်ချက်အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဖာဂူဆန်ကတော့ ဒီအကြောင်းအရာကို မေ့ထားပြီး ကျွန်တော့်ကိုလည်း ခွင့်လွှတ်ခဲ့ပါတယ်”လို့ မီခေးလ်က ဆိုပါတယ်။

မီခေးလ်က ချဲလ်ဆီးမှာ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် တစ်ကြိမ်၊ ပရီးမီးယားလိဂ် နှစ်ကြိမ်၊ အက်ဖ်အေဖလား လေးကြိမ်၊ လိဂ်ဖလား နှစ်ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #အပြောင်းအရွှေ့ #ဖာဂူဆန် #မီခေးလ်