ရှေ့သို့
Image

အယ်လ်နာဆာရဲ့ လုပ်ခလစာနှုန်းထားပြင်ဆင်ကမ်းလှမ်းမှုအပေါ် ပယ်ချလိုက်တဲ့ ဇီယက်ချ်

9:44 AM, 11 July

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာရဲ့ လုပ်ခလစာနှုန်းထားပြင်ဆင်ကမ်းလှမ်းလာမှုအပေါ် ချဲလ်ဆီးတောင်ပံကစားသမား ဇီယက်ရှ်က ပယ်ချလိုက်တယ်လို့ သတင်းတစ်ရပ်အရ သိရပါတယ်။

ဇီယက်ချ်က ဆော်ဒီကလပ်ဆီ ပြောင်းရွှေ့ရန် အဆင်သင့်ဖြစ်နေခဲ့ပေမယ့် အပြောင်းအရွှေ့အတွက် ဆေးစစ်ရာ ကစားသမားရဲ့ဒူးနဲ့တင်ပါးတို့မှာ ဒဏ်ရာပြဿနာတွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာအခြေအနေတွေ တွေ့ရှိခဲ့မှုကြောင့် အယ်လ်နာဆာက မူလကမ်းလှမ်းထားတဲ့ လုပ်ခလစာပမာဏကို ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒီလိုပြင်ဆင်ကမ်းလှမ်းလာမှုအပေါ် မော်ရိုကိုလက်ရွေးစင် ကစားသမားက ပယ်ချခဲ့တယ်လို့ CBS Sports သတင်းဌာနမှ ဖော်ပြလာပါတယ်။

အယ်လ်နာဆာရဲ့ပြင်ဆင်ကမ်းလှမ်းလာမှုမှာ ဇီယက်ချ်အတွက် မူလကမ်းလှမ်းထားတဲ့ အခြေခံလစာ ယူရို ၁၅ သန်းဆိုတဲ့ ပမာဏကို လေးဆယ်ရာခိုင်နှုန်းအထိ ဖြတ်တောက်ထားပေမယ့် စွမ်းဆောင်ရည်ဆိုင်ရာဆုကြေးတွေကို ထည့်သွင်း တွက်ချက်မယ်ဆိုရင်တော့ အဆိုပါလစာပမာဏလောက်အထိ ရရှိသွားနိုင်မယ်လို့ သိရပါတယ်။

ဒါပေမယ့် နောက်ထပ်ဆော်ဒီပရိုလိဂ်အသင်းတစ်ခုဖြစ်တဲ့ အယ်လ်အာလီကလည်း မန်စီးတီးကစားသမား မာရက်ဇ်ကို မခေါ်ယူနိုင်ပါက ဇီယက်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ထုတ်ပြောထားတာကြောင့် မော်ရိုကိုကြယ်ပွင့်အတွက် ဆော်ဒီပရိုလိဂ်ခရီးစဉ်က အသက်ဝင်နေဆဲလို့ ပြောနိုင်ပါတယ်။ အသက်-၃၀ နှစ်အရွယ် ဇီယက်ရှ်က အေဂျက်စ်မှ ချဲလ်ဆီးဆီ ပြောင်းရွှေ့လာတာ သုံးနှစ်ရှိပြီဖြစ်ပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့တော့ ရုန်းကန်နေရပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ဇီယက်ချ်က ပရီးမီးယားလိဂ် ၁၈ ပွဲအထိ ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် ဒီပွဲစဉ်တွေအနက် ခြောက်ပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့တာပါ။ ဇီယက်ချ်က လာမယ့်လအတွင်းစတင်မယ့် ဘောလုံးရာသီသစ်မတိုင်ခင် သူ့ရဲ့ကစားသမားအနာဂတ်အတွက် ဖြေရှင်းမှုတစ်ခုပြုလုပ်သွားဖို့ မျှော်လင့်နေပါလိမ့်မယ်။

#ချဲလ်ဆီး #ဇီယက်ချ် #ပရီးမီးယားလိဂ်