ရှေ့သို့
Image

ချဲလ်ဆီးနဲ့ ကောလာဟလတွေ ထွက်ပေါ်လာပြီးနောက် အနာဂတ်အတွက် ထုတ်ပြောလာတဲ့ ဒိုင်ဘားလား

2:34 PM, 10 July

ရိုးမားတိုက်စစ်ကြယ်ပွင့်ဒိုင်ဘားလားက အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးဆီ ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆန်လိုက်ပြီး စီးရီးအေကလပ်အသင်းမှာပဲ ဆက်ရှိနေမယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ အခုသီတင်းပတ်အစောပိုင်း၊ အီတလီအခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြမှုများအရ ချဲလ်ဆီးက နည်းပြပိုချက်တီနိုအတွက် တိုက်စစ်ပိုင်းရွေးချယ်မှု ပိုမိုများပြားစေရေးအလို့ငှာ ဘောလုံးရာသီသစ်မစတင်ခင် ဒိုင်ဘားလားကို အရခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

သတင်းတွေအရ ပိုချက်တီနိုဟာ ဒိုင်ဘားလားရဲ့အကြီးစားဖန်ဖြစ်သလို အသက်-၂၉ နှစ်အရွယ်ကစားသမားရဲ့ ရိုးမားနဲ့ချုပ်ဆိုထားတဲ့ စာချုပ်မှာလည်း စီးရီးအေပြင်ပကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုရှိလာမယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရို ၁၂ သန်းသာ သတ်မှတ်ပေးရမယ်ဆိုတဲ့ အချက်လည်းပါဝင်နေတယ်လို့ သိရပါတယ်။

နွေရာသီအားလပ်ရက်ကာလအတွင်း အင်္ဂလန်မြေဆီ ခရီးထွက်ကာ ဖော်မြူလာဝမ်းကားပြိုင်ပွဲနဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွေကို ကြည့်ရှုအားပေးခဲ့တဲ့ ဒိုင်ဘားလားက ယမန်နေ့၊ ညနေပိုင်းမှာပဲ ရောမမြို့ဆီ ပြန်လည်ရောက်ရှိလာပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

LAROMA24 သတင်းဌာနနဲ့တွေ့ဆုံချိန် ဒိုင်ဘားလားက “တနင်္လာနေ့မှာစတင်တော့မယ့် ရာသီကြိုပြင်ဆင်မှုတွေအတွက် ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ရဲ့ အနာဂတ်လား? ကျွန်တော် ရိုးမားမှာ ပျော်ရွှင်နေတယ်လေ။ ကျွန်တော် ဒီမှာပဲရှိနေမှာပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သလို စီးရီးအေပြိုင်ပွဲအဆင့်-၆ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ရိုးမားအတွက် ဒိုင်ဘားလားက အဓိကအခန်းကဏ္ဍမှာ ပါဝင်ခြေစွမ်းပြသခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် အာဂျင်တီးနားစတားက ရောမကလပ်အတွက် စီးရီးအေ ၂၆ ပွဲကစား၊ ၁၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ် စွမ်းဆောင်ပေးခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုး ၅ ဂိုးအထိ ရယူခဲ့ပါတယ်။

#ရိုးမား #ချဲလ်ဆီး #အပြောင်းအရွှေ့ #ဒိုင်ဘားလား