မာလာစီယာထွက်ကစားသမား ရိုမီယူကို ကတ္တလန်မြေမှာ ပြန်မြင်ခွင့်ရရန် ဆန္ဒရှိနေတဲ့ ဇာဗီ
11:30 AM, 10 July
နည်းပြ ဇာဗီရဲ့ ပွဲဦးထွက်ရာသီမှာ ပုံစံကောင်းပြသကာ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကို နောက်ကောက်ချပြီး လာလီဂါ အမှတ်ပေးဖလားကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းက ချန်ပီယံဆု ကာကွယ်နိုင်ရေးအတွက် ကစားသမားဖြည့်တင်းမှုပြုလုပ်တဲ့အနေဖြင့် နည်းပြ ဇာဗီရဲ့ တောင်းဆိုမှုနဲ့အတူ ရိုမီယူကို ခေါ်ယူရန် ကြိုပမ်းနေတာပဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ချဲလ်ဆီး၊ ဆောက်သမ်တန်အသင်းတို့ ကစားရင်း ပရီးမီးယားလိဂ်ပွဲ ၂၅၀အထက်မှာ ကစားပေးထားခဲ့တဲ့ ကွင်းလယ်ကစားသမား အော်ရီယယ်လ်ရိုမီယူက ယခုအချိန်မှာ လာလီဂါကလပ် ဂျီရိုနာအင်းမှာ ဝင်ရောက်ကစားနေတာ ဖြစ်ပါတယ်။ နည်းပြ ဇာဗီအနေဖြင့် မာလာစီယာ အကယ်ဒမီထွက်ကစားသမားကို ခေါ်ယူရန် များစွာ ဆန္ဒရှိနေပြီး ရာသီကြို ခြေစမ်းခရီးစဉ်မစတင်မီ အရခေါ်ယူရန် ကလပ်အသင်းဘက်ကို တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းတွင် သွားရောက်ကစားရန်အတွက် နီးစပ်နေပြီဖြစ်တဲ့ အဓိက ဝါရင့်ကွင်းလယ်ကစားသမား ဆာဂျီယိုဘက်စ်ကွက်ရဲ့ နေရာတွင် အစားထိုးရန် ကွင်းလယ်ကစားသမား ရှာဖွေနေပြီး ရိုမီယူကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းအတွက် ဘာစီလိုနာအသင်းက ရိုမီယူကို အဓိက ပစ်မှတ်ထားခဲ့တာ မဟုတ်ပေမဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းဖြစ်နေတာကြောင့် ပြောင်းရွှေ့ကြေး သက်သာနိုင်မယ့် ဂျီရိုနာ အသင်းရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြထားတဲ့ ရိုမီယူကို ခေါ်ယူနိုင်ရေး လုံးပမ်းနေတာ ဖြစ်ပါတယ်။
ရိုမီယူရဲ့ စာချုပ်လျော်ကြေးက ယူရို ၁၀ သန်းသာ ရှိထားပြီး ကတ္တလန်ကလပ် အသင်းနေဖြင့် ဂျီရိုနာ ကွင်းလယ်ကစားသမားကို လာမယ့်သီတင်းပတ်အတွင်းမှာ အပြီးခေါ်ယူနိုင်ရန် ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။