ရှေ့သို့
Image

ချဲလ်ဆီးဆီ ပြောင်းရွှေ့ဖို့ရှိ၊ မရှိ ဒိုင်ဘားလားကို မေးမြန်းခဲ့တဲ့ သီယာဂိုဆေးလ်ဗား

10:03 AM, 10 July

ချဲလ်ဆီးနဲ့အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် သီယာဂိုဆေးလ်ဗားက ရိုးမားတိုက်စစ်မှူး ဒိုင်ဘားလားကို စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိ၊မရှိ မေးမြန်းခဲ့ပါတယ်။ အခုသီတင်းပတ်အစောပိုင်း၊ အီတလီအခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြမှုများအရ ချဲလ်ဆီးက နည်းပြပိုချက်တီနိုအတွက် တိုက်စစ်ပိုင်းရွေးချယ်မှု ပိုမိုများပြားစေရေးအလို့ငှာ ဘောလုံးရာသီသစ်မစတင်ခင် ဒိုင်ဘားလားကို အရခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

သတင်းတွေအရ ပိုချက်တီနိုဟာ ဒိုင်ဘားလားရဲ့အကြီးစားဖန်ဖြစ်သလို အသက်-၂၉ နှစ်အရွယ်ကစားသမားရဲ့ ရိုးမားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မှာလည်း စီးရီးအေပြင်ပ ကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုရှိလာမယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး အဖြစ် ယူရို ၁၂ သန်းသာ သတ်မှတ်ပေးရမယ်ဆိုတဲ့ အချက်လည်းပါဝင်နေတယ်လို့ သိရပါတယ်။

အခုလိုသတင်းတွေထွက်ပေါ်နေမှုနဲ့ ပတ်သက်ပြီး Sky Sport Italia သတင်းဌာနနဲ့ တွေ့ဆုံချိန် ချဲလ်ဆီး ကပ္ပတိန်သီယာဂိုဆေးလ်ဗားက အာဂျင်တီးနားကြယ်ပွင့် တိုက်စစ်မှူး အနေနဲ့ အနောက်လန်ဒန်ကလပ်ဆီ ပြောင်းရွှေ့ဖို့ဆန္ဒရှိ၊မရှိ မေးမြန်းခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

သီယာဂိုဆေးလ်ဗားက “ဖော်မြူလာဝမ်းကားပြိုင်ပွဲမှာ ဒိုင်ဘားလားနဲ့ တွေ့ခဲ့ပါတယ်။ မီဒီယာတွေကတော့ ချဲလ်ဆီးဆီ သူရောက်လာတော့မယ်လို့ ပြောနေကြတာပါပဲ။ ကျွန်တော်တောင် သူနဲ့တွေ့ပြီး အသင်းဆီပြောင်းရွှေ့လာမလားလို့ မေးမြန်းခဲ့ပါတယ်။ သူက ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးပါ။ ကျွန်တော်အနေနဲ့ သူ့လိုကစားသမားမျိုးကို တွဲဖက်ကစားရတာ ကြိုက်နှစ်သက်လို့ ဒီအပြောင်းအရွှေ့က တကယ့်ကိုကြီးမားတဲ့ လက်မှတ်ရေးထိုးမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ စောင့်ကြည့်ကြတာပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သလို စီးရီးအေပြိုင်ပွဲအဆင့်-၆ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ရိုးမားအတွက် ဒိုင်ဘားလားက အဓိကအခန်းကဏ္ဍမှာ ပါဝင်ခြေစွမ်းပြသခဲ့ပါတယ်။ ချဲလ်ဆီးက အခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ လိုက်ပ်ဇစ်တိုက်စစ်မှူး အန်ကူကူ၊ ဗီလာရီးရဲလ်တိုက်စစ်မှူး နီကိုးလပ်စ်ဂျက်ဆင်တို့ကို ခေါ်ယူထားပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #သီယာဂို ဆေးလ်ဗား #ဒိုင်ဘားလား