ရှေ့သို့
Image

ချဲလ်ဆီးပစ်မှတ် ဒိုင်ဘားလားရဲ့ အနာဂတ်အပေါ်အဖြေပေးဖို့ ငြင်းဆန်ခဲ့တဲ့ ရိုးမားနည်းပြမော်ရင်ဟို

2:27 PM, 9 July

အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးရဲ့ပစ်မှတ်ဖြစ်လာတဲ့ တိုက်စစ်မှူးဒိုင်ဘားလားရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ရိုးမားနည်းပြမော်ရင်ဟိုက အဖြေပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

အခုသီတင်းပတ်အစောပိုင်း၊ အီတလီအခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြမှုများအရ ချဲလ်ဆီးက နည်းပြပိုချက်တီနိုအတွက် တိုက်စစ်ပိုင်းရွေးချယ်မှု ပိုမိုများပြားစေရေးအလို့ငှာ ဘောလုံးရာသီသစ်မစတင်ခင် ဒိုင်ဘားလားကို အရ​ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

သတင်းတွေအရ ပိုချက်တီနိုဟာ ဒိုင်ဘားလားရဲ့အကြီးစားဖန်ဖြစ်သလို အသက်-၂၉ နှစ်အရွယ်ကစားသမားရဲ့ ရိုးမားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မှာလည်း စီးရီးအေပြင်ပကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုရှိလာမယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရို ၁၂ သန်းသာ သတ်မှတ်ပေးရမယ်ဆိုတဲ့ အချက်လည်းပါဝင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သလို စီးရီးအေအမှတ်ပေးဇယားအဆင့်-၆ နေရာမှာရပ်တည်နိုင်ခဲ့တဲ့ ရိုးမားအတွက် ဒိုင်ဘားလားက အဓိကအခန်းကဏ္ဌမှာ ပါဝင်ခြေစွမ်းပြသခဲ့ပါတယ်။

ဒါပေမယ့် နည်းပြမော်ရင်ဟိုကတော့ ရာသီသစ်မစတင်ခင် ဒိုင်ဘားလားကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိတဲ့ အာဂျင်တီးနားသားရဲ့ စာချုပ်ဖျက်သိမ်းကြေးအကြောင်း မသိရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

ယမန်နေ့၊ ရောမလေဆိပ်ဆီရောက်ရှိလာတဲ့ ရိုးမားနည်းပြမော်ရင်ဟိုကို သတင်းထောက်တွေက ချဲလ်ဆီးရဲ့စိတ်ဝင်စားမှုတွေ ရှိလာပြီးနောက် ဒိုင်ဘားလားရဲ့ စာချုပ်ဖျက်သိမ်းကြေးနဲ့ပတ်သက်လို့ မေးခွန်းတွေ မေးမြန်းလာခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြက "ဒိုင်ဘားလားရဲ့စာချုပ်အကြောင်း ကျွန်တော် ဘာတစ်ခုမှ မသိထားပါဘူး။

ဒါပေမယ့် အခြားကစားသမားတွေနည်းတူ ဒိုင်ဘားလားနဲ့လည်း ကျွန်တော် စကားပြောဖြစ်ပါဦးမယ်" လို့ ပြောပါတယ်။

ဒါ့အပြင် မော်ရင်ဟိုက ပြီးခဲ့တဲ့မေလအတွင်း ကွင်းလယ်ဒိုင်တစ်ဦးအပေါ် အပြင်းအထန်ဝေဖန်ခဲ့မှုကြောင့် စီးရီးအေရာသီသစ်စတင်ချိန်မှာ ၁၀ ရက်ကြာပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။

အခုလို ပြစ်ဒဏ်ချမှတ်ခံရမှုအပေါ် မော်ရင်ဟိုက "ကျွန်တော်ကတော့ ဘာကိုမှ မအံ့ဩမိပါဘူး။

ဩဂုတ်လအပူရှိန်အောက် အရန်ခုံတန်းမှာ ထိုင်နေရတာထက် လေအေးပေးစက်တွေနဲ့ သာယာအေးမြတဲ့နေရာတစ်ခုခုမှာ ကျွန်တော်ရှိနေပါလိမ့်မယ်"လို့ တုံ့ပြန်ခဲ့ပါတယ်။

#စီးရီးအေ #ရိုးမား #ချဲလ်ဆီး #မော်ရင်ဟို #ဒိုင်ဘားလား