ရှေ့သို့
Image

ရိုမားမှာ ခြေစွမ်းပြနေတဲ့ ဒိုင်ဘာလာကို ခေါ်ယူရန် ခြေလှမ်းစတင်လာပြီဖြစ်တဲ့ ချဲလ်ဆီး

1:36 PM, 9 July

ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီတွင် ထိပ်တန်းကစားသမားအချို့ကို တန်ကြေးမြင်မားစွာပေးချေခေါ်ယူထားခဲ့ပေမဲ့ ရလဒ်ပိုင်း အားနည်းကာ အရေးမလှဖြစ် ခဲ့ရတာကြောင့် စီနီယာကစားသမား အချို့ကို ရောင်းထုတ်ခဲ့အပြီးမှာ ကွင်းလယ် တိုက်စစ်ပိုင်းအတွက် ရိုမားအသင်းတွင် ခြေစွမ်းကောင်းအချို့ ပြသထားနိုင်ခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့် ဒိုင်ဘာလာအတွက် ချိတ်ဆက်လာတာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက အဓိက အားထားကစားခဲ့ရတဲ့ စီနီယာကွင်းလယ်ကစားသမာတွေ ဖြစ်တဲ့ ကန်တေ၊ မေဆင်မောင့်၊ ကိုင်ဟာဗက်ဇ်၊ ကိုဗာဆစ် တို့အပါအဝင် ကစားသမားအချို့ ရောင်းထုတ်ထားခဲ့တာကြောင့် လူစာရင်းထပ်မံဖြည့်တင်းရန် အရေးပေါ်လိုအပ်နေတာလည်း ဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်လည်း ချဲလ်ဆီးအသင်းက ကွင်းလယ်ပိုင်းအတွက် ကိုင်စီဒိုအား ခေါ်ယူရန် အဓိက ပစ်မှတ်ထားနေတာဖြစ်ပေမဲ့ နည်းပြ ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းက အဓိကပွဲထွက်ကစားသမားဖြစ်တာကြောင့် ပြောင်းရွှေ့ကြေး မြင့်မားစွာတောင်းဆိုထားပြီး ပေါင် သန်း ၁၀၀အထိပါ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒိုင်ဘာလာက ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် နည်းပြ မော်ရင်ဟိုရဲ့ စည်းရုံးမှုနဲ့အတူ ရိုးမားအသင်းထံ ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး ရောမကလပ်ရဲ့ ခမ်းနားတဲ့ ကြိုဆိုမှုရခဲ့သလို ဘောလုံးရာသီတစ်လျှောက်တွင်လည်း ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြ ကစားပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ မော်ရင်ဟိုရဲ့ ရိုးမားအသင်းက ကစားသမားဖြည့်တင်းမှု အချို့ပြုလုပ်ရန် ပြင်ဆင်နေတာကြောင့် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်ရှိနေချိန် ချဲလ်ဆီးအသင်းက ဒိုင်ဘာလာကို စိတ်ဝင်စားလာတာဖြစ်ပြီး ကစားသမားအနေဖြင့်လည်း ချန်ပီယံလိဂ်ကစားခွင့်ရချင်တာကြောင့် ထိုက်တန်တဲ့ ကမ်းလှမ်းမှုတစ်ရပ်ရခဲ့ပါက အပြောင်းအရွှေ့က ဖြစ်မြောက်လာနိုင်တာပဲ ဖြစ်ပါတယ်။

#ရိုးမား #ချဲလ်ဆီး #ဒိုင်ဘားလား #ပရီးမီးယားလိဂ်