ရှေ့သို့
Image

ထရက်ဖို့ဒ်ရဲ့ပင်နယ်တီကာကွယ်မှုနဲ့အတူ ၃၉နှစ်အတွင်း ယူရိုယူ-၂၁ဖလားကို ပြန်လည်ဆွတ်ခူးခဲ့တဲ့ အင်္ဂလန်

8:56 AM, 9 July

အင်္ဂလန်အသင်းဟာ ယမန်နေ့ညက ယူရိုယူ-၂၁ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂိုးသမား ထရက်ဖို့ဒ်ရဲ့ လက်စွမ်းပြပင်နယ်တီကာကွယ်မှုနဲ့အတူ စပိန်ကို ၁-ဝဂိုးနဲ့အနိုင်ယူကာ ၃၉နှစ်အတွင်း ယူရိုယူ-၂၁ဆုဖလားကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဂျော်ဂျီယာမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဘန်လေဂိုးသမား ထရက်ဖို့ဒ်ဟာ အေဘယ်ရုဇ်ရဲ့ နောက်ကျပင်နယ်တီကို ကာကွယ်ခဲ့သလို အိုင်မာအိုရော့ဇ်ရဲ့ ကန်ချက်ကိုလည်း တားဆီးသွားနိုင်ခဲ့ပါတယ်။

ထရက်ဖို့ဒ်ရဲ့ ပြိုင်ပွဲတစ်လျှောက်လက်စွမ်းပြနိုင်ခဲ့ပြီး အင်္ဂလန်တစ်သင်း တစ်ဂိုးမှမပေးရအောင် စွမ်းဆောင်ပြသွားနိုင်ခဲ့ပါတယ်။

ပွဲချိန်အစောပိုင်းမှာ ကိုးလ်ပယ်မာရဲ့ ဖရီးကစ်က ကာတစ်ဂျုံးစ်နဲ့ထိပြီး ဂိုးဝင်သွားတာကြောင့် အင်္ဂလန်တို့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ဗိုလ်လုပွဲအတွင်း အင်္ဂလန်ဘက်က နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ အက်ရှ်လေကိုးလ်၊ ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်၊ စပိန်ဘက်က နည်းပြအဖွဲ့ဝင်တစ်ဦးနဲ့အတူ အန်တိုနီယိုဘလန်ကိုလည်း အနီကတ်ပြီး အထုတ်ခံခဲ့ရပါတယ်။

ဒုတိယပိုင်းအစမှာ စပိန်အသင်း ချေပဂိုးရခဲ့ပေမယ့် ခေါင်းတိုက်သွင်းခဲ့တဲ့ ရုဇ် လူကျွံနေတယ်ဆိုပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒုတိယပိုင်းပြန်စပြီးနောက် စပိန်ရဲ့ ဖိအားပေးကစားပုံကြောင့် အင်္ဂလန်တို့ ပွဲကိုခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အင်္ဂလန်က ပြန်ပြီး ထိုးဖောက်နိုင်ခဲ့ကာ ဂစ်ဘ်ဝှိုက်၊ ကာတစ်ဂျုံးစ်တို့ အဆုံးသတ်မသေချာခဲ့လို့ ဂိုးထပ်မရခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးခါနီ ၉၆မိနစ်မှာ ရုဇ်ကို ကိုဝဲလ် ကစားပုံကြမ်းတယ်ဆိုပြီး နော်ဝေကွင်းလယ်ဒိုင်က စပိန်ကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပေမယ့် ရုဇ်ရဲ့ကန်ချက်ကို ဂိုးသမား ထရက်ဖို့ဒ် ကာကွယ်နိုင်ခဲ့တာကြောင့် အင်္ဂလန်အသင်း ၃၉နှစ်အတွင်း ယူရိုယူ-၂၁ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

#အင်္ဂလန် #ကာတစ်ဂျုံးစ် #အက်ရှ်လေကိုး