ရှေ့သို့
Image

နွေရာသီအားလပ်ရက်ကာလကို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေနဲ့အတူ ဖြတ်သန်းနေတဲ့ အာနိုးလ်

9:59 AM, 8 July

လီဗာပူးကြယ်ပွင့်အာနိုးလ်က သူ့ရဲ့နွေရာသီအားလပ်ရက်ကာလကို စောစောစီးစီးပိတ်သိမ်းကာ အကောင်းဆုံး ပုံစံနဲ့အတူ မာဆေးဆိုဒ်ကလပ်ဆီ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။

The Times သတင်းဌာနရဲ့အဆိုအရ အသက်-၂၄ နှစ်အရွယ် ကစားသမားဟာ ကလပ်အသင်းရဲ့ ဘောလုံးရာသီ အဆုံးသတ်ကာလနဲ့ အင်္ဂလန်လက်ရွေးစင် တာဝန်ထမ်းဆောင်မှုတို့အပြီး သီတင်းပတ်တစ်ပတ်သာ အနားယူခဲ့ပါတယ်။ ဒီနောက်မှာတော့ အာနိုးလ်က အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်ရှိ Under Armourရဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာစင်တာမှာ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သီတင်းနှစ်ပတ်တာအချိန်ကို ကုန်ဆုံးစေခဲ့ပါတယ်။

သူ့ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေထဲမှာ တောင်တက်ခြင်းနဲ့ မိုင် ၃၀ စက်ဘီးစီးနင်းခြင်းတို့လို ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်း အားကောင်းစေရေးလေ့ကျင့်ခန်းတွေ ပါဝင်ခဲ့တယ်လို့ The Times သတင်းဌာနမှ ဆက်လက်ဖော်ပြခဲ့ပါတယ်။ အာနိုးလ်က သူ့ရဲ့ ကလပ်အသင်းကစားသမားဘ၀နဲ့ နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀အတွက် အရေးပါဆုံးဘောလုံးရာသီတစ်ခုကို စတင်ဖို့ ပြင်ဆင်နေပြီလို့ ဒီသတင်းမှာပဲ ဆက်လက်ဖော်ပြခဲ့ပါတယ်။

လီဗာပူးနည်းပြယာဂန်ကလော့ပ်က ပြီးခဲ့တဲ့ဘောလုံးရာသီနှောင်းပိုင်းမှာ အာနိုးလ်ကို အသင်းဘောလုံးပိုင်ဆိုင်မှု ရယူထားချိန်အတွင်း ညာနောက်ခံလူနေရာမှ ကွင်းလယ်အထိ တက်ရောက်ကစားဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် ကလော့ပ်က အကယ်ဒမီထုတ်ကုန်ကြယ်ပွင့်ကစားသမားဟာ အသင်းကို ကွင်းတွင်းကွင်းပြင်ဦးဆောင်နေတဲ့ ကစားသမားတွေအနက် တစ်ဦးဖြစ်လာနေပြီလို့ ထုတ်ဖော်ချီးကျူးထားပါတယ်။

ရာသီကြိုအားလပ်ရက်ကာလကို စောစောစီးစီးပိတ်သိမ်းကာ လေ့ကျင့်ရေးဝင်နေတဲ့ လီဗာပူးကစားသမားက အာနိုးလ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ လီဗာပူး အသင်းခေါင်းဆောင်ဟန်ဒါဆန်ကလည်း သူ့ရဲ့အားလပ်ရက်ကာလကို စောစောစီးစီးပိတ်သိမ်းကာ ကြံ့ခိုင်မှုပိုင်းလေ့ကျင့်ရေးအစီအစဉ်တွေကို လုပ်ဆောင်နေပြီလို့ သိရပါတယ်။

လာမယ့်ဩဂုတ် ၁၃ ရက်မှာ လီဗာပူးက ချဲလ်ဆီးကို စတမ်းဖို့ဘရစ်ခ်ျမှာ သွားရောက်ယှဉ်ပြိုင်ရင်း ၂၀၂၃-၂၀၂၄ ဘောလုံးရာသီသစ်ကို စတင်ပါလိမ့်မယ်။

#လီဗာပူး #အာနိုးလ် #ပရီးမီးယားလိဂ်