ရှေ့သို့
Image

ဖီနာဘာချီက တူရကီမက်ဆီ အာဒါဂူလာကို ခေါ်ယူလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

10:53 AM, 7 July

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဖီနာဘာချီမှ အသက် ၁၈ နှစ်အရွယ် တူရကီတိုက်စစ်မှူးအာဒါဂူလာကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အဆိုပါတိုက်စစ်မှူးဟာ ဖီနာဘာချီအတွက် ၅၁ ပွဲကစား ၉ ဂိုးသွင်းယူကာ ၁၂ ဂိုးအထိ ဖန်တီးပေးထားပါတယ်။ 

"တူရကီမက်ဆီ" လို့နာမည်ကျော်နေတဲ့ အာဒါဂူလာဟာ အင်္ဂလန်လက်ရွေးစင် ဘယ်လင်ဟမ်နဲ့ပူးပေါင်းသွားမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ခြောက်နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ 

ဂူလာဟာ ပြီးခဲ့သည့်ရာသီက ၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။  တူရကီဖလား ဗိုလ်လုပွဲမှာလည်း ပွဲထွက်ပါ၀င်ခဲ့ပြီး ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင်တူရကီအတွက်ဂိုးသွင်းယူထားနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားလည်းဖြစ်ပါတယ်။

ဂူလာဟာ ဖီနာဘာချီမှာ ၁၆ နှစ်သားအရွယ်ကတည်းက ကစားခဲ့ပြီး စတင်ပွဲထွက်ခဲ့တဲ့ ပထမဆုံးပွဲစဉ်မှာပဲ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ကျောနံပါတ် ၁၀ အင်္ကျီကိုဝတ်ဆင်ခွင့်ရရှိခဲ့ပါတယ်။  

ဥရောပအသင်းကြီးတွေထံ ပြောင်းရွှေ့ဖို့လိုလားနေတဲ့ လူငယ်တိုက်စစ်မှူး ဂူလာကို ရီးရဲလ်မက်ဒရစ်က  ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ ယူနိုက်တက်၊ နယူးကာဆယ်တို့အပြင် ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ကိုပါ ကျော်ဖြတ်ပြီး စာချုပ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပြောင်းရွှေ့ကြေးကို ရီးရဲလ်မက်ဒရစ်အသင်းမှ တရား၀င်ထုတ်ဖော်ပြောကြားထားခြင်းမရှိပေမယ့် ယူရိုသန်း ၂၀ ဝန်းကျင်ဖြစ်နိုင်ကြောင်း သတင်းများကဖော်ပြလျက်ရှိပါတယ်။ ဂူလာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ဆုံးခေါ်ယူမှုဖြစ်လာပြီး အသင်းရဲ့မျိုးဆက်သစ်ကစားသမားတွေဖြစ်တဲ့ ဘယ်လင်ဟမ်၊ ဗင်နီစီးယက်စ်၊ ရိုဒရီဂို၊ ချူအာမန်နီ၊ ကာမာဗင်ဂါ တို့နဲ့ပူးပေါင်းသွားမှာဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဖီနာဘာချီ #အာဒါဂူလာ