ရှေ့သို့
Image

ဆော်ဒီမှ ကမ်းလှမ်းမှုအချို့ ရရှိထားတယ်လို့ ထုတ်ပြောလာတဲ့ လာဇီယိုနည်းပြ ဆာရီ

3:08 PM, 6 July

လာဇီယိုနည်းပြဆာရီက ဆော်ဒီမှ ကမ်းလှမ်းမှုအချို့ကို ရရှိထားတယ်လို့ ဖွင့်ပြောလိုက်ပေမယ့် လက်ရှိအချိန်မှာ ရောမအခြေစိုက်ကလပ်အသင်းနဲ့အတူ ဆက်ရှိနေမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့ ငွေကြေးသုံးစွဲမှုအင်အားက နာမည်ကျော်ပရီးမီးယားလိဂ်ကိုပင် ကျော်တက်သွားခဲ့ပြီး ဥရောပရဲ့ အလားအလာရှိကြယ်ပွင့်ကစားသမားတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပအခြေစိုက်နည်းပြတွေကိုလည်း ဆော်ဒီဘက်မှကမ်းလှမ်းမှုတွေ ရှိလာခဲ့ပြီး စတီဖင်ဂျရတ်က အယ်လ်အစ်တီဖတ်ရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူခဲ့ပေမယ့် ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီကတော့ အယ်လ်ဟီလယ်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

Sportitalia သတင်းဌာနနဲ့တွေ့ဆုံချိန် ဆာရီက “ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ဆီလည်း ကမ်းလှမ်းမှုအချို့ ရောက်ရှိလာပါတယ်။ လက်ရှိအခိုက်အတန့်မှာ ကျွန်တော်က လာဇီယိုမှာပဲ ပျော်ရွှင်နေပြီး ပိုက်ဆံအကြောင်း ဆွေးနွေးချင်စရာ မရှိသေးပါဘူး။ လာမယ့်နှစ်အနည်းငယ်အတွင်း ကျွန်တော် မပျော်ရွှင်တော့တာပဲဖြစ်ဖြစ်၊ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာပဲဖြစ်ဖြစ် တစ်နှစ်၊ နှစ်နှစ်လောက် ဆော်ဒီဆီ သွားဖို့ ဆုံးဖြတ်နိုင်ပါတယ်။ အခုကတော့ အိမ်မှ နှစ်နာရီလောက် ကားမောင်းလိုက်ရင်ပဲ အလုပ်ခွင်ဆီ ရောက်တာဖြစ်လို့ အခုလိုကမ်းလှမ်းလာမှုတွေကို ထည့်သွင်းစဉ်းစားပေးစရာအကြောင်း မရှိပါဘူး”လို့ ပြောပါတယ်။

နာပိုလီအသင်းကို ကိုင်တွယ်ချိန်အတွင်း သူ့ရဲ့ကစားသမားဖြစ်ခဲ့သူ ကူလီဘာလီဟာ ချဲလ်ဆီးမှာ အဆင်ပြေပြေဖြစ်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် တစ်နှစ်အကြာမှာပဲ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်ဆီ ရောင်းချခံခဲ့ရပါတယ်။

ကူလီဘာလီရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဆာရီက “အချို့အရာတွေ ဘာကြောင့်ဖြစ်လာသလဲဆိုတာ သိရဖို့ တော်တော်ခဲယဉ်းပါတယ်။ ကျွန်တော်ကြားရသလောက်တော့ သူက သုံးနှစ်လောက်အတွင်း ယူရိုသန်း ၉၀ လောက် ရရှိနေပါလိ့မ်မယ်။ ဒါက ဆွေစဉ်မျိုးဆက် သုံးဆက်လောက်အထိ အဆင်ပြေပြေ ကြွယ်ကြွယ်၀၀ထားရှိနိုင်ဖို့ ဖြစ်လာတဲ့အခါ ဒီကမ်းလှမ်းမှုကို ထည့်သွင်းစဉ်းစားရပါတော့တယ်”လို့ ပြောပါတယ်။

ဆာရီက ဘောလုံးလောကမှာ ကျင်လည်ဖို့ သူ့ရဲ့နာမည်ကျော်ဘဏ်လုပ်ငန်းကို စွန့်လွှတ်ခဲ့တယ်လို့ ကျော်ကြားပါတယ်။ ၂၀၁၃ ခုနှစ်၊ အမ်ပိုလီနဲ့အတူ စီးရီးအေမှာ ပွဲဦးထွက်အဖြစ် မပါဝင်နိုင်သေးခင်အချိန်အထိ အောက်တန်းလိဂ်ကလပ်အသင်းတွေမှာပဲ နည်းပြအဖြစ် ကျင်လည်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက နာပိုလီ၊ ချဲလ်ဆီး၊ ဂျူဗင်တပ်စ်တို့ကို ကိုင်တွယ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် လာဇီယိုနည်းပြသစ်အဖြစ် တာဝန်ယူပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

#စီးရီးအေ #ဆာရီ #နာပိုလီ