ရှေ့သို့
Image

ယူနိုက်တက်မှ ပုံရိပ်အသုံးပြုခအဖြစ် ပေါင်သန်းပေါင်းများစွာရရှိခဲ့တဲ့ ဖီးလ်ဂျုံးစ်

3:16 PM, 5 July

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဖီးလ်ဂျုံးစ်ဟာ သူ့ရဲ့ပုံရိပ်အသုံးပြုခအဖြစ် ယူနိုက်တက်မှ ပေါင် ၄ ဒဿမ ၂ သန်း ရရှိခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်။ ဇွန်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့သော အသက်- ၃၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟောင်းသည် ၂၀၁၁ ခုနှစ်တွင် ဘလက်ဘန်းမှ ယူနိုက်တက်သို့ ပေါင် ၁၆ သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

ဖီးလ်ဂျုံးစ်ဟာ ဆာအဲလက်စ် ဖာဂူဆန်လက်ထက်၌ အလားအလာရှိတဲ့ ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် လေးနှစ်ခွဲစာချုပ်ဖြင့် ချုပ်ဆိုပြီးနောက် ဒဏ်ရာပြဿနာများစွာဖြင့် လုံးပန်းနေခဲ့ရသောကြောင့် ၁၆ ပွဲသာ ပါ၀င်ကစားပေးခဲ့ရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ယူနိုက်တက်သို့ အဲရစ်တန်ဟက်မရောက်မီက အကောင်းဆုံး ပုံစံရရှိအောင် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့သော်လည်း သူ့ရဲ့ဒူးဒဏ်ရာဟာ တိုးတက်မှုရှိမလာဘဲ ၂၀၂၂-၂၃ ရာသီမှာ တစ်ကြိမ်မှ ပွဲထွက်ခွင့်မရရှိခဲ့ပါဘူး။

ဂျုံးစ်ဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက အသင်းအတွက် ပွဲထွက်ကစားခွင့်နည်းပါးခဲ့ပေမယ့် သူ့ရဲ့အပတ်‌စဉ်လုပ်ခတွေမှ သန်းပေါင်းများစွာကို ရရှိနေသူဖြစ်ပါတယ်။ Daily mail ကလည်း ဂျုံးစ်ဟာ သူ့ရဲ့ပုံရိပ်အသုံးပြုခအတွက် ပေါင် ၄ ဒဿမ ၂ သန်း ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။

ယူနိုက်တက်ကစားသမားဟောင်း ပေါလ်ပေါ့ဘာဟာလည်း ပုံရိပ်အသုံးပြုခအတွက် ပေါင် ၅ သန်းရရှိခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီး ၂၀၁၅ တွင်ယူနိုက်တက်သို့ ပြောင်းရွှေ့လာသော မာစီယယ်ဟာလည်း ၎င်းရဲ့ပုံရိပ်အသုံးပြုခအတွက် ပေါင် ၈ သန်း ရရှိခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

မေလမှာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာခဲ့တဲ့ ဖီးလ်ဂျုံးစ်က အသင်းရဲ့နောက်ဆုံးအင်တာဗျူး၌ "လွန်ခဲ့တဲ့နှစ်နှစ်က အရမ်းခက်ခဲခဲ့ပါတယ်။ ဒါကိုငြင်းစရာမရှိပါဘူး။ ဖုံးကွယ်ထားစရာလည်းမလိုပါဘူး။ ယူနိုက်တက်မှာရှိတဲ့ ကျွန်တော့်ရဲ့‌နေရာဟာ အရမ်းကိုကျဉ်းမြောင်းခဲ့ပြီး မိသားစုကကျွန်တော့်ကို ပိုကြိုးစားဖို့ ပိုအာရုံစူးစိုက်ဖို့ တွန်းအားတွေ ပေးခဲ့ပါတယ်။ ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်ဟာဘောလုံးကစားခွင့်လွဲချော်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ဘောလုံးကစားခဲ့သူတစ်ယောက်ဟာ အသက်ကြီးတဲ့အထိ ဘောလုံးကိုစွန့်လွှတ်နိုင်မှာမဟုတ်ပါဘူး။ ဘောလုံးနဲ့ ပတ်သက်ပြီး ကျွန်တော်လိုချင်သလောက်လုပ်ခွင့်မရခဲ့ပေမယ့် လုံလုံလောက်လောက်လုပ်ခဲ့ရတဲ့အတွက် ကံကောင်းတယ်လို့ပြောလို့ရပါတယ်"

ဆက်လက်ပြီးသူက "ကျွန်တော် ရှိသမျှခွန်အားတွေပေးဆပ်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားခဲ့တယ်။ ကျွန်တော်ဒဏ်ရာ ရခဲ့တဲ့ ဝုဗ်နဲ့ ကစားခဲ့တဲ့ပွဲပြီးကတည်းက အသင်းအတွက် အမြန်ဆုံးပြန်ကစားနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။ အဲဒီအခိုက်အတန့်ကို ကျွန်တော်ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။ ကျွန်တော်ကြံ့ခိုင်မှုပြည့်၀ဖို့ အရမ်းခက်ခဲခဲ့ရပါတယ်။ အဲဒါကကျွန်တော့်ဘ၀ရဲ့ အကြီးမားဆုံးအခိုက်အတန့်ဖြစ်ပြီး အသင်းပရိသတ်တွေ ကျွန်တော့်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အားပေးမှုတွေကို ခံစားခဲ့ရပါတယ်။ ကျွန်တော်ဒီမှာရှိ‌ခဲ့တဲ့တစ်လျှောက် အားပေးပံ့ပိုးခဲ့တဲ့ ပရိသတ်တွေရဲ့ စေတနာကို လုံလောက်အောင်ကျေးဇူးဆပ်နိုင်မှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖီးလ်ဂျုံးစ် #ပရီးမီးယားလိဂ်