ရှေ့သို့
Image

တူရကီမက်ဆီကို ဘာစီလိုနာအား နောက်ကောက်ချကာ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

11:32 AM, 5 July

လာလီဂါချန်ပီယံဆုအား ဘာစီလိုနာအသင်းကို လက်လွှဲပေးထားရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံဆု စိန်ခေါ်နိုင်ရေးအတွက် ကစားသမားဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး တူရကီမက်ဆီလို့ နာမည်ကြီးနေတဲ့ ဖီနာဘာချီစတား အာဒါဂူလာကို ဘာစီလိုနာနဲ့အပြိုင် ကြိုးစားရင်း နှားတစ်ဖျားအသာရကာ ခေါ်ယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ဥရောပရဲ့ အရည်အသွေးမြင့်ကစားသမားတွေကို စုစည်းကာ သွေးသစ်လောင်းရန် ပြင်ဆင်နေပြီး ဘယ်လင်ဂန်ကဲ့သို့ အရည်အသွေးမြင့်မားတဲ့ ဆယ်ကျော်သက် ကွင်းလယ်စတားတစ်ဦးကို ခေါ်ယူထားခဲ့သလို မက်ဆီနဲ့ ကစားဟန်ဆင်တူတဲ့ ဖီနာဘာဂျီ အသင်းရဲ့ အသက် ၁၈နှစ်အရွယ် တိုက်စစ်ကစားသမားကို ခေါ်ယူရန် ပြင်ဆင်ခဲ့ပြီး ဘာစီလိုနာ အသင်းကို အသာရခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကျော် အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ The Athletic ရဲ့ ဖော်ပြချက်အရ တူရကီမက်ဆီလို့ နာမည်ကျော်နေတဲ့ အာဒါဂူလာကိုယ်တိုင်က ဘာစီလိုနာအသင်းထက် ဘာနေဗျူးကွင်းအတွင်းမှာ ကစားခွင့်ရရေးကို ပိုအလေးသာနေခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ အက်စ်တွန်ဗီလာ အသင်းတို့အပြင် ဆယ်ကျော်သက် ကစားသမား ခေါ်ယူရာမှာ ကျွမ်းကျင်မှုရှိတဲ့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြပေမဲ့ မက်ဒရစ်ကလပ်က အသာရခဲ့တာလည်း ဖြစ်ပါတယ်။

တူရကီကလပ် ဖီနာဘာချီအသင်းက အသက် ၁၈နှစ်အရွယ် ဂူလာအား ရောင်းချရာတွင် ပြန်လည်ရောင်းချပါက ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်း ပေးချရမယ့် ပုံစံဖြင့် သဘောတူညီမှု ရခဲ့တာဖြစ်ပြီး ဂူလာအနေဖြင့် တူရကီလက်ရွေးစင်အသင်း အတွက် ၄ပွဲကစားခွင့်ရထားသလို ဖီနာဘာချီအသင်းအတွက် ပွဲပေါင်း ၅၁ပွဲပါဝင်ကစားကာ သွင်းဂိုး ၄ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ကြိမ်ဖော်ဆောင်ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

#ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ဖီနာဘာချီ #ဂူလာ