ဆယ်လ်တာဗီဂို ကြယ်ပွင့်ကို ခေါ်ယူနိုင်ရေး ရှေ့ဆုံးမှ ဦးဆောင်နေတဲ့ ပီအက်စ်ဂျီ
2:27 PM, 4 July
ပြင်သစ်ထိပ်သီးအသင်း ပီအက်စ်ဂျီက မန်စီးတီး၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့ရဲ့အပြောင်းအရွှေ့ပစ်မှတ်၊ ဆယ်လ်တာဗီဂိုကြယ်ပွင့် ဗီဂါကို ခေါ်ယူနိုင်ရေး အတော်လေးနီးစပ်နေပြီလို့ သတင်းတွေအရ သိရပါတယ်။
အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ စပိန်သားကွင်းလယ်လူနဲ့ပတ်သက်လို့ ကောလာဟလတွေ အများအပြားထွက်ပေါ်နေပြီး ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုတွေလည်း ရရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါပေမယ့် အင်္ဂလန်အခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ ပီအက်စ်ဂျီဟာ ဗီဂါအတွက် စာချုပ်ဖျက်သိမ်းကြေးလည်းဖြစ်တဲ့ ပေါင် ၃၄ ဒဿမ ၄ သန်းတန် သဘောတူညီမှုတစ်ခုကို ရရှိတော့မယ်လို့ သိရပါတယ်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ဆယ်လ်တာဗီဂိုနဲ့အတူ တောက်ပတဲ့ခြေစွမ်းတွေပြသနိုင်ခဲ့တဲ့ ဗီဂါကို ဘာစီလိုနာ အသင်းကလည်း စိတ်ဝင်စားခဲ့ပါတယ်။ အလားတူ မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့သွားတဲ့ မေဆင်မောင့်နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးကလည်း အသက်-၂၁ နှစ်အရွယ် ကစားသမားကို ပစ်မှတ်ထားခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက အသင်းကွင်းလယ်ပိုင်းအတွက် ဘရိုက်တန်ကစားသမား ကိုင်စီဒို၊ ဆောက်သမ်တန်ကစားသမား လာဗီယာနဲ့ အဲဗာတန်ကွင်းလယ်လူ အိုနာနာ အပါအဝင် ကစားသမားများစွာကိုလည်း ချိတ်ဆက်နေတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
မန်စီးတီးနှင့် လီဗာပူးတို့က ကိုဗာဆစ်နဲ့ မက်အယ်လစ္စတာတို့ကို အသီးသီးခေါ်ယူလိုက်လို့ ဗီဂါက ပီအက်စ်ဂျီဆီ ရောက်ရှိရန် အခွင့်အလမ်းများပြားလာခဲ့ပါတယ်။