ရှေ့သို့
Image

အယ်လ်အစ်တီဖတ်အတွက် ပရီးမီယားလိဂ်ဝါရင့်ကစားသမားနှစ်ဦးကို ခေါ်ယူလိုနေတဲ့ ဂျရတ်

11:30 AM, 4 July

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖတ်ရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီးနောက် စတီဗင်ဂျရတ် ခေါ်ယူလိုတဲ့ ကစားသမားနှစ်ဦးကတော့ ဟန်ဒါဆန်နဲ့ အူဘာမီယန်းတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း အရှေ့အလယ်ပိုင်းဒေသဆီ ခရီးထွက်ခွာခဲ့ပေမယ့် အယ်လ်အစ်တီဖတ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့မရှိဘူးလို့ ပြောဆိုခဲ့တဲ့ ဂျရတ်ဟာ အခုအချိန်မှာတော့ ဆော်ဒီကလပ်နဲ့ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ Mail Sport ရဲ့အဆိုအရ ဂျရတ်ရဲ့လီဗာပူးအသင်းဖော်ဟောင်း ဟန်ဒါဆန်က အယ်လ်အစ်တီဖတ်အသင်း ခေါ်ယူနိုင်ခြေရှိတဲ့ ကစားသမားတွေအနက် တစ်ဦး ဖြစ်လာခဲ့ပါတယ်။

အသက်-၃၃ နှစ်အရွယ် လီဗာပူးအသင်းခေါင်းဆောင်က မာဆေးဆိုဒ်ဒေသမှာ ၁၂ နှစ်ကြာ ကျင်လည်ခဲ့ပြီး လက်ရှိမှာလည်း အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် ဆော်ဒီပရိုလိဂ်ရဲ့ငွေကြေးကြွယ်ဝမှုတွေက ကစားသမားဘဝနှောင်းပိုင်းဆီ ချဉ်းကပ်လာတဲ့ ဟန်ဒါဆန်ကို ဆွဲဆောင်နိုင်မလားဆိုတာ စောင့်ကြည့်သွားရဖို့ ရှိပါတယ်။

ချဲလ်ဆီးမှာ စိတ်ပျက်ဖွယ်ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတဲ့ အူဘာမီယန်ကလည်း အသက်-၃၄ နှစ်အရွယ် ရောက်ရှိနေပြီဖြစ်လို့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတစ်ခုကို ရှာဖွေနေပါလိမ့်မယ်။ အာဆင်နယ်တိုက်စစ်မှူးဟောင်းက ပြီးခဲ့တဲ့စက်တင်ဘာလမှာ ဘာစီလိုနာမှ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပြောင်းရွှေ့ကြေးပေါင် ၁၀ ဒဿမ ၃ သန်းဖြင့် ရောက်ရှိလာခဲ့ပေမယ့် အသင်းအတွက် ၂၁ ပွဲကစား၊ သုံးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အူဘာမီယန်းက ကန်တီ၊ ကူလီဘာလီနဲ့ မန်ဒီတို့လိုပဲ ဆော်ဒီလိဂ်ဆီရောက်ရှိလာတဲ့ နောက်ဆုံးချဲလ်ဆီးကစားသမား ဖြစ်လာနိုင်ပါတယ်။ အက်စတွန်ဗီလာမှာ ဂျရတ်လက်အောက် ကစားခဲ့ဖူးတဲ့ လီဗာပူးကစားသမားဟောင်း ကော်တင်ဟိုကလည်း အသင်းဖော်ဟောင်းမာနေးနဲ့အတူ အယ်လ်အစ်တီဖတ်အသင်းဆီ ရောက်ရှိလာနိုင်တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ကော်တင်ဟိုနဲ့ လက်ရှိဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မာနေးတို့က အခုနွေရာသီမှာ အရှေ့အလယ်ပိုင်းဒေသဆီ ပြောင်းရွှေ့ဖို့ အလားအလာ အလွန်နည်းပါးနေတယ်လို့ သိရပါတယ်။

အသက်-၃၁ နှစ်အရွယ်ကော်တင်ဟိုက အက်စတွန်ဗီလာနဲ့ စာချုပ်သက်တမ်းရှိနေပြီး နည်းပြ အမ်မရီလက်အောက် ရေရှည်အနာဂတ်တစ်ခုဖန်တီးနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။ ကော်တင်ဟိုရဲ့ အဆက်မပြတ်ဒဏ်ရာပြဿနာတွေကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဗီလာအတွက် ပွဲကစားချိန်နည်းပါးခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းမှာလည်း မရွေးချယ်ခံခဲ့ရပါဘူး။

အလားတူ ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ အဖွင့်ရာသီမှာပဲ ရုန်းကန်ရမှုတွေ ပြည့်နှက်ခဲ့တဲ့ မာနေးကို ဘွန်ဒက်စ်လီဂါချန်ပီယံအသင်းမှ ထွက်ခွာနိုင်ရန် ချိတ်ဆက်မှုတွေ ရှိထားခဲ့ပါတယ်။ ဂျရတ်နဲ့အတူ လက်တွဲအလုပ်လုပ်ဖွယ်ရှိတဲ့ နောက်ထပ်ကြယ်ပွင့်ကစားသမားကတော့ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး မိုရာတာပဲဖြစ်ပါတယ်။

စပိန်တိုက်စစ်မှူးကို အယ်လ်အစ်တီဖတ်အသင်းက ခေါ်ယူချင်နေသလို အေတီကိုဘက်ကလည်း ပြောင်းရွှေ့ကြေးလျှော့ချပေးဖို့ ဆန္ဒရှိနေတာကြောင့် မိုရာတာဟာ နည်းပြဂျရတ်လက်အောက် ပထမဆုံး ကစားသမားခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

#အပြောင်းအရွှေ့ #ဒင်းဟန်ဒါဆန် #အူဘာမီယန်း #စတီဗင်ဂျရတ်