ရှေ့သို့
Image

လူငယ်ကြယ်ပွင့် ဂူလာကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြောလာတဲ့ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ

3:58 PM, 30 June

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက အသင်းအနေဖြင့် ဖီနာဘာချီ လူငယ်ကြယ်ပွင့်ကစားသမား ဂူလာကို ခေါ်ယူဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း ဂူလာဆိုတဲ့ ကစားသမားနဲ့ ပတ်သက်လို့ ထင်ကြေးပေးမှုတွေ အမြောက်အများထွက်ပေါ်လာပါတယ်။ ဖီနာဘာချီနဲ့ ဂူလာတို့ အကြား စာချုပ်ဖျက်သိမ်းကြေးမှာ ယူရို ၁၈ သန်းသာ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးချိန်မှာပဲ ဥရောပတလွှားရှိ ထိပ်တန်းကလပ်အသင်းတွေက အသက်-၁၈ နှစ်အရွယ် ကစားသမားကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။

ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့လို ထိပ်သီးအသင်းကြီးတွေကလည်း ဂူလာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ရာ လက်ရှိအချိန်မှာတော့ ဘာစီလိုနာက အသာစီးရယူဖို့ အခြေအနေကောင်းနေပါတယ်။ ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာသစ်ဒေကိုက ဂူလာရဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ဖီနာဘာချီအသင်းတာဝန်ရှိသူတွေအပြင် ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ပါ ဆွေးနွေးနိုင်ဖို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အစ္စတန်ဘူလ်မြို့ဆီ ခရီးထွက်ခွာခဲ့ပါတယ်။

ဒီလိုအခြေအနေတွေနဲ့ ပတ်သက်လို့ Esport 3 ရဲ့မေးမြန်းမှုအပေါ် လာပေါ်တာက ဒေကိုရဲ့ ဦးဆောင်ညှိနှိုင်းမှုတွေနဲ့အတူ ဂူလာကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။ “ဂူလာလား? ဒေကိုက အစ္စတန်ဘူလ်မှာ ရှိနေပါတယ်။ အခုတော့ လာလီဂါအဖွဲ့ချုပ်ဘက်က ကျွန်တော်တို့ကို ဒီနှစ်အတွက် ထည့်မတွက်ထားတဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ဖို့ ခွင့်ပြုပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ကင်းထောက်ဌာနကလည်း ဂူလီရဲ့နောက်ကို တောက်လျှောက်လိုက်နေခဲ့တာပါ။ ကျွန်တော်တို့မှာ ဒေကိုရဲ့ ယူဆချက်လည်း ရှိပါတယ်။ ကျွန်တော်တို့ သဘောတူညီချက် ရရှိအောင် ကြိုးစားနေပါတယ်”လို့ လာပေါ်တာက ပြောပါတယ်။

လာလီဂါ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဘာစီလိုနာအား ဂူလာအားခေါ်ယူဖို့ ခွင့်ပြုထားပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးပြဿနာကြောင့် အခုနွေရာသီမှာတော့ သူ့ကို ခေါ်ယူနိုင်မယ့် အလားအလာ မမြင်တွေ့ရသေးပါဘူး။ ဒါပေမယ့် လာမယ့်နှစ်အတွက်ဆိုရင်တော့ ဒီသဘောတူညီမှုကို ပိုပြီးတော့ ဖြစ်နိုင်ခြေရှိလာပါတယ်။

ဘာစီလိုနာ အသိုင်းအဝိုင်းထဲမှာတော့ ဂူလာလို လူငယ်ကြယ်ပွင့်ကစားသမားကို အမိအရ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုတွေ တိုးပွားနေပါတယ်။

#လာလီဂါ #ဘာစီလိုနာ #လာပေါ်တာ #ဂူလာ