ရှေ့သို့
Image

ရာမို့စ်ကို လိုချင်တယ်ဆိုရင် ပေါင် ၆၉ သန်းပေးရမယ်လို့ ယူနိုက်တက်ကို ဘင်ဖီကာဥက္ကဌ ပြောကြား

10:06 AM, 30 June

ဘင်ဖီကာအသင်းဥက္ကဌ ရူအီကော်စတာက ယူနိုက်တက်အနေနဲ့ ဂွန်ကာလိုရာမို့စ်ကို လိုချင်တယ်ဆိုရင် ပေါင် ၆၉ သန်းပေးရမယ်လို့ ပြောကြားလိုက်ပါတယ်။

အသက် ၂၂ နှစ်သားဟာ ဥရောပရဲ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ရာမို့စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘင်ဖီကာအတွက် ၄၇ ပွဲမှာ ၂၇ ဂိုးသွင်း၊ ၁၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းနဲ့ အတူ ကမ္ဘာ့ဖလားမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ရာမို့စ်ကို အသင်းတော်တော်များများက ဒီဇင်ဘာကတည်းက စိတ်ဝင်စားလာခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီတုန်းက ပေါ်တူဂီသားကိုခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဘတ်ဂျက်အနေအထားကြောင့် ဝက်တ်ဟော့စ်ကိုသာ အငှားနဲ့ခေါ်ယူခဲ့ရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ နွေရာသီမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူချင်နေဆဲဖြစ်ကာ ဘင်ဖီကာဥက္ကဌ ကော်စတာက ရာမို့စ်အတွက် ပေါင် ၆၉ သန်းရမယ်လို့ ယုံကြည်နေပါတယ်။

ဖာနန်ဒက်စ်က သူ့ရဲ့နိုင်ငံအသင်းဖော် ရာမို့စ်ကို ယူနိုက်တက်ထံ ပြောင်းလာဖို့ တိုက်တွန်းနေပါတယ်။ မေလတုန်းက အင်တာဗျူးတစ်ခုမှာ ဖာနန်ဒက်စ်က “ဂွန်ကာလို ဒါမှမဟုတ် အခြားကစားသမားတစ်ဦး လိုချင်ပါတယ်။
ပရီးမီးယားလိဂ်မှာ ကစားနိုင်တဲ့ အရည်အချင်းအားလုံး သူ့မှာရှိပါတယ်။ ပရီးမီးယားလိဂ်အကြောင်းပြောချိန်မှာ ကျွန်တော်က ယူနိုက်တက်ကို ဆိုလိုတာပါ။ လာမယ့်နှစ်တွေက ကောင်းမွန်တဲ့အခြေအနေတွေဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲ့တာက အားကစားဒါရိုက်တာအပေါ်မှာပဲ မူတည်ပါတယ်။ ဂွန်ကာလိုက ပရီးမီးယားလိဂ်မှာ ကစားနိုင်စွမ်းရှိပါတယ်။ သူက အရမ်းမာကျောသလို ကောင်းကောင်းလည်း ကစားနိုင်ပါတယ်။ နိုင်ငံအသင်းမှာ သူက ကျွန်တော့်ကို အံ့သြစေပါတယ်။ ကျွန်တော့်တင်မဟုတ်ပဲ အခြားအသင်းဖော်တွေကိုလည်း အံ့သြစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာလည်း သန်မာသလို ငယ်လည်းငယ်ပါသေးတယ်။ သူသာ ဆက်ကြိုးစားရင် အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာနိုင်ပါတယ်”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဘိုင်ယန်အသင်းက အပြောင်းအရွှေ့ကို ဦးဆောင်နေတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဘင်ဖီကာ #ကော်စတာ #ဂွန်ကာလိုရာမို့စ်