ရှေ့သို့
Image

စီနီယာကစားသမားနှစ်ဦးကို စာချုပ်သက်တမ်းမတိုးဘဲ လာမယ့်နှစ်မှာ လက်လွှတ်ခံမယ့် လီဗာပူး

1:24 PM, 29 June

လီဗာပူးစီနီယာကစားသမားတွေဖြစ်တဲ့ သီယာဂိုနဲ့ မာတစ်တို့ရဲ့ စာချုပ်သက်တမ်းတွေက နောက်ဆုံးနှစ်ဆီ ဝင်ရောက်လာပြီဖြစ်ပေမယ့် အသင်းဘက်ကတော့ သူတို့နှစ်ဦးကို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိပါဘူး။
၂၀၁၆ ခုနှစ်နွေရာသီမှာ ရှော်ကေးလ်မှ လီဗာပူးဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာတဲ့ မာတစ်က ယာဂန်ကလော့ပ်လက်အောက် အန်ဖီးလ်ကလပ်ရဲ့ အားထားရတဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်။

မာတစ်က လီဗာပူးအတွက် ၁၈၇ ပွဲကစား၊ ၁၁ ဂိုးသွင်းယူကာ အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သီယာဂိုကလည်း ၂၀၂၀ ပြည့်နှစ်မှာ ဘိုင်ယန်မြူးနစ်မှ ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ နဲ့ လီဗာပူးဆီ ရောက်ရှိလာခဲ့ပါတယ်။ သီယာဂိုရဲ့ အင်္ဂလန်မြေခရီးစဉ်က ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် အသင်းအတွက် ၉၇ ပွဲကစား၊ သုံးဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

သီယာဂိုရဲ့ အန်ဖီးလ်ကစားသမားဘဝမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အောင်ပွဲတွေနဲ့ လွဲချော်ခဲ့ပေမယ့် အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလားချန်ပီယံဆုတွေကို ပြီးခဲ့တဲ့နှစ်မှာ ဆွတ်ခူးရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးက လာမယ့်ရာသီသစ်မှာ အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ဆက်လက်ရယူဖို့ စိတ်ကူးထားကြဖွယ်ရှိပေမယ့် The Athletic သတင်းဌာနရဲ့အဆိုအရ လာမယ့်ဘောလုံးရာသီသစ်က သူတို့နှစ်ဦးအတွက် လီဗာပူးနဲ့အတူ နောက်ဆုံးဘောလုံးရာသီဖြစ်လာဖွယ်ရှိသလို လာမယ့်နှစ်နွေရာသီမှာ အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး အသင်းကြယ်ပွင့်အာနိုးလ်ကိုတော့ လာမယ့်လတွေအတွင်း စာချုပ်သစ်ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ ဒီသတင်းဌာနကပဲ ဆက်လက်ဖော်ပြခဲ့ပါတယ်။ အာနိုးလ်က အသင်းနဲ့အတူ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်ပါတယ်။

ဒါ့အပြင် အခုနွေရာသီကာလအတွင်း လီဗာပူးက လိုက်ပ်ဇစ် တိုက်စစ်မှူးဇိုဘော့ဇ်လိုင်ကို ခေါ်ယူဖို့ လှုပ်ရှားမှုတစ်ခုပြုလုပ်မယ်လို့ သတင်းတွေမှာဖော်ပြနေပြီး ကစားသမားရဲ့အေးဂျင့်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးထားတယ်လို့ သိရပါတယ်။ တဖက်မှာတော့ အသင်းကွင်းလယ်လူကာဗယ်လ်ဟိုက လိုက်ပ်ဇစ်ဆီ ကာလတိုအငှားစာချုပ်နဲ့ ထွက်ခွာဖွယ်ရှိပေမယ့် ဆွေးနွေးမှုတွေကိုတော့ အဆုံးမသတ်ရသေးပါဘူး။

#လီဗာပူး #သီယာဂို #မာတစ် #ပရီးမီးယားလိဂ်