ဆယ်လ်တာစတား ဂါဘရီဗီဂါကို ခေါ်ယူရေးမှာ ပါဝင်လာတဲ့ မန်စီးတီး
9:23 AM, 29 June
သတင်းတွေအရ မန်စီးတီးအသင်းဟာ ဒီကလန်ရိုက်စ်အပြောင်းအရွှေ့ကနေ နုတ်ထွက်ခဲ့ပြီးနောက် ဆယ်လ်တာဗီဂိုစတား ဂါဘရီဗီဂါကို ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။
စီးတီးဟာ အာဆင်နယ်အသင်း ကမ်းလှမ်းတဲ့ပေါင် ၁၀၅ သန်းတန်ကြေးကို လိုက်မကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ကွင်းလယ်ပိုင်းအားဖြည့်ချင်နေတာဖြစ်ပြီး ရိုမာနိုက စီးတီးဟာ ချဲလ်ဆီး ၊ လီဗာပူးတို့နုဲ့အတူ ဗီဂါကို စိတ်ဝင်စားလာခဲ့ပြီလို့ ဆိုပါတယ်။
အသက် ၂၁ နှစ်သားဟာ ပြီးခဲ့ဲတဲ့ရာသီတုန်းက ဆယ်လ်တာအသင်းအတွက် ၃၆ ပွဲမှာ ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ ဆယ်လ်တာဟာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ခဲ့ပြီး အခုနွေရာသီစပိန်ယူ - ၂၁ အသင်းမှာပါဝင်နေပါတယ်။
ဗီဂါရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၃၄ သန်းရှိနေတာဖြစ်ပြီး စီးတီးအပြင် ချဲလ်ဆီး နဲ့ လီဗာပူးတို့က ဆယ်လ်တာစတားအခြေအနေကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ စီးတီးဟာ အခုအပတ်တုန်းက ချဲလ်ဆီးထံကနေ ကိုဗာဆစ်ကို ခေါ်ယူနိုင်ခဲ့ပြီး ဂန်ဒိုဂန်ထွက်ခွာမှုနဲ့အတူ နောက်ထပ်ကွင်းလယ်လူတစ်ဦး ခေါ်ယူချင်နေပါတယ်။