ရှေ့သို့
Image

၂၀၂၃ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်မြို့တော်အဖြစ် ဂျက်ဒါမြို့ကို ရွေးချယ်

2:00 PM, 27 June

၂၀၂၃ ခုနှစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံ၊ ဂျက်ဒါမြို့မှာ ကျင်းပမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က တနင်္လာနေ့မှာ တရားဝင်ထုတ်ပြန်ကြေညာပါတယ်။ အခုပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုတွေကို လေ့လာအကဲဖြတ်ဖို့ ဖီဖာရဲ့ကိုယ်စားလှယ်အဖွဲ့တစ်ခု ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဂျက်ဒါမြို့ဆီ ခရီးထွက်ခွာခဲ့ပြီးနောက် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

“နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲကြီးတွေကို လက်ခံကျင်းပဖို့အတွက် ဂုဏ်သတင်းနဲ့ ခေတ်မီဆန်းကြယ်တဲ့ အခြေခံအဆောက်အအုံတွေ ပိုင်ဆိုင်ထားတဲ့ ဂျက်ဒါမြို့ကို ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်မြို့တော်အဖြစ် ရွေးချယ်မှုအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်”လို့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Al Misehal က ပြောပါတယ်။

လာမယ့် ဒီဇင်ဘာ ၁၂ ရက်မှ ၂၂ ရက်အထိကျင်းပမယ့် အခုပြိုင်ပွဲက ဆော်ဒီနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာခဲ့သလို အသင်းခုနစ်သင်း ပါဝင်တဲ့ လက်ရှိပြိုင်ပွဲပုံစံအတွက် နောက်ဆုံးပြိုင်ပွဲဖြစ်လာပါလိမ့်မယ်။ လာမယ့် ၂၀၂၅ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ကလပ်အသင်း ၃၂ သင်းပါ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ရပ်နားထားဖို့ ဖီဖာက ဆုံးဖြတ်ထားပါတယ်။

#ကလပ်ကမ္ဘာ့ဖလား