ရှေ့သို့
Image

မီလန်မြို့ဆီ ဆေးစစ်မှုခံယူဖို့ ထွက်ခွာလာတော့မယ့် မားကပ်စ်သူရမ်

1:59 PM, 27 June

အင်တာမီလန်နဲ့သဘောတူညီမှုရရှိထားတဲ့ မားကပ်စ်သူရမ်ဟာ အသင်းသစ်မှာ ဆေးစစ်မှုခံယူဖို့ မီလန်မြို့ဆီ ထွက်ခွာလာပါတော့မယ်။

Sky Sport Italia ရဲ့ အဆိုအရ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ မီလန်မြို့ဆီ လေယာဉ်ဖြင့် ထွက်ခွာလာပြီး ဒီနေ့ညပိုင်းမှာပဲ ဆေးစစ်မှုခံယူသွားမယ်လို့ သိရပါတယ်။ အခု ဆေးစစ်မှုအောင်မြင်မယ်ဆိုရင် မားကပ်စ်သူရမ်က အပိုထပ်ဆောင်းဆုကြေးနဲ့ ဘောနပ်စ်ကြေးတွေအပါအဝင် တစ်နှစ်လုပ်ခလစာ ယူရို ၆ ဒဿမ ၅ သန်းတန် ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို အင်တာမီလန်နဲ့ ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။

မိုချန်ဂလာဘတ်နဲ့ အခုလကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မားကပ်စ်သူရမ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ စီးရီးအေကလပ်ဆီ ရောက်ရှိလာမယ့် ကစားသမားဖြစ်ပါတယ်။ မားကပ်စ်သူရမ်က ဖခင်ဖြစ်သူ လီလီယန်သူရမ်ရဲ့ စီးရီးအေ ကစားသမားဘဝကာလအတွင်း အီတလီမြေမှာ မွေးဖွားခဲ့သူဖြစ်လို့ စီးရီးအေပြိုင်ပွဲမှာ ကစားခွင့်ရရှိရေး အမြဲစိတ်ဝင်စားနေခဲ့ပါတယ်။ လီလီယန်သူရမ်က ပါးမား၊ ဂျူဗင်တပ်စ်တို့မှာ ကစားခဲ့ဖူးပါတယ်။

အခုအပြောင်းအရွှေ့ကာလအတွင်း အေစီမီလန်ကစားသမားဖြစ်လာဖို့ အတော်လေးနီးစပ်ခဲ့တဲ့ မားကပ်စ်သူရမ်က အင်တာမီလန်ရဲ့ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုတစ်ခုကို ရရှိလာချိန်မှာ စိတ်ကူးပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

#အင်တာမီလန် #အပြောင်းအရွှေ့ #သူရမ်