ရှေ့သို့
Image

ဘဝမှာအခက်ခဲဆုံး ဖုန်းခေါ်ဆိုမှုတွေအနက် တစ်ခုကို ပြုလုပ်ခဲ့ရတယ်လို့ ဝန်ခံလိုက်တဲ့ ဂမ်ဒိုဂန်

1:34 PM, 27 June

မန်စီးတီးနဲ့အတူ သမိုင်းဝင်ဖလားသုံးလုံးချန်ပီယံအဖြစ် အောင်ပွဲရယူပြီးနောက် ဘာစီလိုနာဆီ တရားဝင်ပြောင်းရွှေ့ခဲ့တဲ့ ဂမ်ဒိုဂန်က ဘဝမှာအခက်ခဲဆုံး ဖုန်းခေါ်ဆိုမှုတွေအနက် တစ်ခုကို ပြုလုပ်ခဲ့ရတယ်လို့ ဝန်ခံပြောဆိုလာပါတယ်။

မန်စီးတီးနည်းပြဘ၀ ပက်ဂွါဒီယိုလာရဲ့ပထမဆုံးခေါ်ယူမှုဖြစ်တဲ့ အသက်-၃၂ နှစ်အရွယ်ကွင်းလယ်လူက မန်ချက်စတာအခြေစိုက်ကလပ်ရဲ့အခုဘောလုံးရာသီ သမိုင်းဝင်ဖလားသုံးလုံး အောင်မြင်မှုခရီးလမ်းမှာ အသင်းခေါင်းဆောင်အဖြစ် အဓိကပါဝင်ကူညီပေးခဲ့ပါတယ်။

မန်စီးတီးက အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတဲ့ ဂမ်ဒိုဂန်ကို အီတီဟတ်မှာ ဆက်ရှိနေဖို့ လိုလားခဲ့ပေမယ့် နှစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ကမ်းလှမ်းဖို့တော့ တွန့်ဆုတ်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဘာစီလိုနာက ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးနိုင်မယ့် စာချုပ်နဲ့အတူ ဂမ်ဒိုဂန်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် နူးကမ့်မြေဆီ အရခေါ်ယူနိုင်ခဲ့ပါတယ်။

ဂမ်ဒိုဂန်က “ကျွန်တော့်ဘဝအတွက် အခက်ခဲဆုံးဖုန်းခေါ်ဆိုမှုတွေအနက် တစ်ခုကတော့ ပက်ဂွါဒီယိုလာဆီ ဖုန်းခေါ်ပြီး မန်စီးတီးမှ ထွက်ခွာတော့မယ်လို့ ပြောခဲ့ရတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တတ်နိုင်တာကတော့ ကျေးဇူးတင်ကြောင်းပြောဖို့ ဖြစ်ပါတယ်။အခုဘောလုံးရာသီသာမက ရရှိခဲ့တဲ့ဆုဖလားအောင်မြင်မှုတွေ အပြင် ကျွန်တော့်ကို မန်စီးတီးဆီ သူ့လက်ထက် ပထမဆုံးကစားသမားအဖြစ် ခေါ်ယူပေးခဲ့လို့ပါ။ ဒေါ့မွန်ကစားသမားဘ၀ နောက်ဆုံးဘောလုံးရာသီကုန်မှာ ကျွန်တော် ဒူးဒဏ်ရာရရှိခဲ့တဲ့ အခိုက်အတန့်ကို ဘယ်တော့မှမေ့လို့ရမှာ မဟုတ်ပါဘူး။ ကျွန်တော် ခွဲစိတ်ကုသမှုခံယူခဲ့ရသလို မန်စီးတီးက အပြောင်းအရွှေ့အတွက် လက်တွန့်သွားမလားဆိုပြီး စိုးရိမ်ပူပန်ခဲ့ရပါတယ်။ ဒါပေမယ့် ပက်ဂွါဒီယိုလာက ကျွန်တော့်ဆီ ဖုန်းဆက်ပြီး သူတို့ ဘယ်လောက်ကြာကြာစောင့်ရပါစေ၊ အဆင်ပြေတယ်၊ ကိစ္စမရှိဘူးလို့ ပြောပြလာပါတယ်။ မန်စီးတီးဆီ ကျွန်တော်တို့နှစ်ဦး အတူတကွ ရောက်ရှိလာခဲ့သလို အတူတကွ ပြန်ထွက်ခွာရလိမ့်မယ်လို့ ပက်ဂွါဒီယိုလာအနေနဲ့ မျှော်လင့်ကောင်းမျှော်လင့်နိုင်တယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ဒါပေမယ့် သူက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်အပေါ် နားလည်မှုအပြည့်ရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူ့ရဲ့ငယ်ဘဝကလပ်ဆီ ကျွန်တော်သွားနိုင်ဖို့ ဒါက အကူအညီဖြစ်စေမှာ သေချာပါတယ်”လို့ ပြောပါတယ်။

လတ်တလောမှာ အီဂျစ်နိုင်ငံဆီ မိသားစုနဲ့ အားလပ်ရက်ခရီးရှည်ထွက်ခွာနေတဲ့ ပက်ဂွါဒီယိုလာက မန်စီးတီးနဲ့ စာချုပ်သက်တမ်းနှစ်နှစ်ကျန်ရှိနေပြီး လာမယ့်ဘောလုံးရာသီသစ်အတွက် အသင်းလူစာရင်းကို ပြုပြင်ပြောင်းလဲဖို့အရေး တာဝန်ယူထားရပါတယ်။ မန်စီးတီးရဲ့ ကွင်းလယ်လူကိုဗာဆစ်ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူမှုမှာလည်း အခုသီတင်းပတ်အတွင်း တရားဝင်ထုတ်ပြန်လာဖို့ ရှိနေသလို လိုက်ပ်ဇစ်ခံစစ်မှူး ဂျီဗာဒီအောကလည်း ဦးစားပေးပစ်မှတ်တစ်ခုအဖြစ် ဆက်ရှိနေပါတယ်။

မန်စီးတီးဟာ ကွင်းလယ်လူဘာနာဒိုဆေးလ်ဗားနဲ့ နောက်ခံလူ လာပေါ်တေးကိုလည်း လက်လွှတ်ရဖို့ ရှိနေပါတယ်။ ဒါကြောင့် ဒီကလန်ရိုက်စ်ကို အစားထိုးခေါ်ယူနိုင်ရေး မန်စီးတီးက အနီးကပ်စောင့်ကြည့်နေပါတယ်။

#မန်စီးတီး #ဂမ်ဒိုဂန် #ပရီးမီးယားလိဂ်