ရှေ့သို့
Image

ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ အိပ်မက်မက်ခဲ့ဖူးတယ်လို့ ထုတ်ပြောလာတဲ့ ဂမ်ဒိုဂန်

4:27 PM, 26 June

ဘာစီလိုနာအသင်းဆီ တရားဝင်ရောက်ရှိလာတဲ့ ဂမ်ဒိုဂန်က ဒီအသင်းအတွက်ကစားပေးဖို့ ဆန္ဒဟာ ယခင်အချိန်တွေကတည်းကပင် ရှိနေခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးလို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာတဲ့ ဂမ်ဒိုဂန်က လာလီဂါချန်ပီယံတွေနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အသက်-၃၂ နှစ်အရွယ် ဝါရင့်ကွင်းလယ်လူက ဘာစီလိုနာနဲ့ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်(တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်)ကို ချုပ်ဆိုလိုက်တာပါ။ စာချုပ်ဖျက်သိမ်းကြေးကိုတော့ ယူရိုသန်း ၄၀၀ အထိ သတ်မှတ်ထားပါတယ်။ မန်စီးတီးအသင်းနဲ့ အတူ သမိုင်းဝင်ဆုဖလားသုံးလုံး အောင်မြင်မှုရယူနိုင်ခဲ့ပြီးနောက် အသင်းမှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဟာ လွယ်ကူတဲ့ဆုံးဖြတ်ချက်တစ်ခုတော့ မဟုတ်ခဲ့ဘူးလို့ ဂမ်ဒိုဂန်က ရှင်းပြလိုက်ပါတယ်။ ဒါပေမယ့် မန်စီးတီးမှ ထွက်ခွာခဲ့မယ်ဆိုရင် ဘာစီလိုနာဆီပဲ ရောက်ချင်တဲ့ သူ့ရဲ့ဆန္ဒကိုလည်း ထုတ်ပြောလာပါတယ်။

“ကျွန်တော်သာ အသင်းပြောင်းတော့မယ်ဆိုရင် ကလပ်အသင်းတစ်ခုဆီပဲ ပြောင်းရွှေ့မှာပါ။ အဲ့ဒါကတော့ ဘာစီလိုနာပဲဖြစ်ပါတယ်။ ကျွန်တော် ကလေးဘဝအရွယ်ကတည်းက ဘာစီလိုနာကိုယ်စားပြု ကစားခွင့်ရရှိဖို့ အိပ်မက်မက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အမြင့်ဆုံးအဆင့်မှာ နှစ်အနည်းငယ်လောက် ကစားနိုင်သေးတယ်လို့ ယုံကြည်ထားပါတယ်။ ပြီးတော့ ဘာစီလိုနာကို သူတို့နဲ့ထိုက်တန်တဲ့နေရာဆီ ပြန်လည်ခေါ်ယူသွားဖို့ ကူညီပေးချင်ပါတယ်”လို့ ဂမ်ဒိုဂန်က ပြောပါတယ်။

ပရီးမီးယားလိဂ်ကွင်းလယ်လူဟောင်းက ဘာစီလိုနာမှာ ဒေ့ါမွန်အသင်းဖော်ဟောင်း လီဝန်ဒေါစကီးနဲ့ နောက်တစ်ကြိမ် လက်တွဲကစားခွင့်ရရှိပါလိမ့်မယ်။ ဒါ့အပြင် ဂမ်ဒိုဂန်က ကာလရှည်သဘောကျခဲ့ရတဲ့ နည်းပြဇာဗီလက်အောက်မှာ ကစားခွင့်ရရှိဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂမ်ဒိုဂန်က “ဒါက ကျွန်တော့်အသင်းဖော်ဟောင်းလီဝန်ဒေါစကီးနဲ့ ပြန်လည်ဆုံတွေ့ရမှုဖြစ်သလို အချိန်အတော်ကြာ သဘောကျခဲ့ရတဲ့ နည်းပြတစ်ဦးလက်အောက်မှာ ကစားရတာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ဇာဗီနဲ့ ကျွန်တော် ကလပ်အသင်းရဲ့ပရောဂျက်အကြောင်းဆွေးနွေးချိန်မှာ ဒီပရောဂျက်က သဘာဝကျလွန်းတယ်လို့ ယူဆမိပါတယ်။ ကျွန်တော်တို့နှစ်ဦးကြားမှာ အရည်အသွေးနဲ့ ပွဲအပေါ်ထားရှိတဲ့အမြင်ရှုထောင့်တွေက အတော်လေးတူညီပါတယ်။ ဘာစီလိုနာအတွက်ကစားပေးရတာ ဖိအားတွေများပြားလွန်းမယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် ကျွန်တော်က ဖိအားတွေကို သဘောကျသလို စိန်ခေါ်မှုတွေကိုလည်း လိုလားပါတယ်။ လွယ်လွယ်ကူကူရရှိလာတာမျိုးကိုလည်း မကြိုက်ပါဘူး။ ကျွန်တော်က နောက်ထပ်စိန်ခေါ်မှုအသစ်တစ်ခုကို ရှာဖွေခဲ့တာပါ။ ဒါပါပဲ။ ကျွန်တော့်အနေနဲ့ ဘာစီလိုနာဂျာစီ ဝတ်ဆင်ပြီး ပွဲကစားရဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး”လို့  ဆက်ပြောလာပါတယ်။

#ဘာစီလိုနာ #မန်စီးတီး #အပြောင်းအရွှေ့ #ဂမ်ဒိုဂန်