ရှေ့သို့
Image

လိဂ် ၂တွင် ကစားရမယ့် ဘောလုံးရာသီအတွက် စိတ်အားတက်ကြွနေကြောင်း လှစ်ဟပြလိုက်တဲ့ ဝရက်စ်ဟမ်းစတား ၂ဦး

12:59 PM, 26 June

ယခုနှစ်မှာ ပုံစံကောင်းပြသကာ အင်္ဂလန်အမျိုးသားအပျော်တမ်းလိဂ်တွင် ချန်ပီယံဖြစ်ခဲ့တာကြောင့် လိဂ် ၂ ကို တန်းတက်ခွင့်ရခဲ့တဲ့ စူပါစတားမင်းသား ရိုင်ယန်ရေးနိုးလ်ရဲ့ ကလပ်အသင်းဖြစ်တဲ့ ဝရက်စ်ဟမ်းအသင်းက လာမယ့် ဘောလုံးရာသီအတွက် ပြင်ဆင်မှု ပြုလုပ်နေသလို အဓိက ကစားသမား ၂ဦးဖြစ်တဲ့ ပေါမူလင်နဲ့ အဲလီးယော့လီးတို့က တက်ကြွပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ အမျိုးသားအပျော်တန်းလိဂ် ချန်ပီယံအဖြစ် မှတ်တမ်းစိုက်ထူကာ ကလပ်အသင်းပိုင်းရှင် ရိုင်ယန်ရေးရေးနိုးလ်နဲ့ ရော့ဘ်မက်အယ်ဟမ်နေးတို့ ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီသို့ တက်လှမ်းကစားခွင့် ရရေး ခရီးစဉ်ကို ရက်စ်ဟမ်းအသင်းက စတင် အသက်သွင်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ နာမည်ကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ Daily Mail ရဲ့ ဖော်ပြချက်အရ ဝရက်စ်ဟမ်းအသင်းအနေဖြင့် စတုတ်စီးတီးအသင်းတွင် ပြီးခဲ့တဲ့ နှစ်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ကာ ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ခေါ်ယူနိုင်မယ့် အသက် ၂၉နှစ်အရွယ် ပိုဝဲလ်အား ခေါ်ယူရန် ချိတ်ဆက်နေတာလည်း ဖြစ်ပါတယ်။

ကလပ်အသင်းပိုင်ရှင် တွေရဲ့ ရည်ရွယ်ချက်မြင့်မားတဲ့အတိုင်း အကောင်းအထည်ဖော်နိုင်ရန် ကစားသမားတွေကပါ တက်ကြွနေကြပြီး လိဂ် ၂ ပြိုင်ပွဲအတွက် ရာသီကြို ခြေစမ်းခရီးစဉ်စတင်ခင်မှာ ရက်စ်ဟမ်းစတား ၂ဦးက ပူးပေါင်းနေပြီး ဘီယာသောက်၊ ဘီဘီကျူစားကာဓာတ်ပုံအတူတွဲရိုက်ရင်း လူမှုကွန်ယက်စာမျက်နှာအထက်မှာ တင်ခဲ့တာကြောင့် မြင်ရတဲ့ ပရိသတ်တွေအတွက် ကြည်နူးဝမ်းမြောက်စရာ အနေအထားလည်း ဖြစ်ပါတယ်။

ဝရက်စ်ဟမ်းအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်တဲ့ မူလင်အနေဖြင့် အမျိုးသားအပျော်တမ်းလိဂ် ပြိုင်ပွဲ မစတင်ခင်တွင် ဖီဖာဘောလုံးဂိမ်းအတွင်း စံနှုန်းသတ်မှတ်ချက် ၆၇အထိသာ ပေးထားခံခဲ့ရပေမဲ့ ယခုနှစ်ဘောလုံးရာသီတွင်း လိဂ်သွင်းဂိုး ၃၈ဂိုးအထိ သွင်းယူကာ အံ့အားသင့်ဖွယ်စွမ်းဆောင်ရည် ပြသပြီး ရက်စ်ဟမ်းအသင်းကို ချန်ပီယံဖြစ်စေခဲ့ရာမှတစ်ဆင့် လိဂ်-၂ ပြိုင်ပွဲကိုပါ တန်းတက်စေခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာကျော်မင်းသား ရိုင်ယန်ရေးနိုးလ် တွဲဖက်ပိုင်ဆိုင်တဲ့ ဝရက်စ်ဟမ်းအသင်းက လိဂ် ၂ပြိုင်ပွဲမစတင်ခင် ရာသီကြို ခြေစမ်းပွဲစဉ်တွေ အဖြစ် ပရီးမီးယားလိဂ်အခြေစိုက် အင်အားကြီးအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးအသင်းတို့နဲ့ ခြေစမ်းကစားသွားရန် စီစဉ်ထားတာပဲ ဖြစ်ပါတယ်။

#ရိုင်ယန်ရေးနိုးလ်