ယူရိုယူ-၂၁ပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် လူငယ်ကြယ်ပွင့်ကစားသမားငါးဦး
2:06 PM, 21 June
၂၀၂၃ယူရိုယူ-၂၁ပြိုင်ပွဲဟာ ယနေ့ည စတင်ယှဉ်ပြိုင်တော့မှာဖြစ်ပြီး ရိုမေးနီးယားနဲ့ ဂျော်ဂျီယာနိုင်ငံတွေက အိမ်ရှင်အဖြစ်လက်ခံကျင်းပတာ ဖြစ်ပါတယ်။ လူငယ်ပြိုင်ပွဲဖြစ်တာကြောင့် စောင့်ကြည့်ရမယ့် ကစားသမားတွေ ကျိန်းသေပေါက်ရှိလာမှာဖြစ်ပြီး အဲ့ဒီကစားသမားတွေထဲက စောင့်ကြည့်ရမယ့်ကြယ်ပွင့်ငါးဦးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
မော်ဂန် ဂစ်ဘ်ဝှိုက် (အင်္ဂလန်)
နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့်ဟာ ယမန်နှစ်ရာသီက အသင်းမှာ အကောင်းဆုံးပွဲထွက်နိုင်ခဲ့တာကြောင့် ဥရောပအသင်းကြီးတွေက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ၂၃နှစ်သားဟာ ငါးဂိုးသွင်း ၈ဂိုး ဖန်တီးပေးထားပြီး ပရီးမီးယားလိဂ် အခွင့်အရေးဖန်တီးမှုအများဆုံး ကစားသမားတွေထဲ အဆင့်၁၁ရခဲ့ပြီး တစ်ဦးချင်းကျော်ဖြတ်မှုမှာလည်း အဆင့်၁၅ရခဲ့ပါတယ်။
ဂစ်ဘ်ဝှိုက်ဟာ အရည်အချင်းပြည့်၀တဲ့ လူငယ်လေးဖြစ်တာကြောင့် အင်္ဂလန်ယူ-၂၁အသင်းအတွက် ၁၃ပွဲအထိ ပါဝင်ကစားထားပြီး နှစ်ဂိုးသွင်းယူထားခဲ့ပါတယ်။ အင်္ဂလန်အသင်းသာ ဒီပြိုင်ပွဲရဲ့ဆုဖလားရယူလိုတယ်ဆိုရင် ဂစ်ဘ်ဝှိုက်အနေနဲ့ ဖောရက်စ်က ခြေစွမ်းမျိုးပြသနိုင်ဖို့ လိုအပ်နေပါတယ်။
ဂါဘရီဗီဂါ (စပိန်)
ဆယ်လ်တာဗီဂိုကွင်းလယ်လူ ဗီဂါဟာ ယမန်နှစ်ရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဥရောပအသင်းကြီးတွေက စိတ်ဝင်စားလျက်ရှိနေကြပါတယ်။ ၂၁နှစ်သားဟာ ယမန်နှစ်ရာသီမှာ ၁၁ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ လေးဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဗီဂါဟာ ပက်ဒရီနဲ့ ဂါဗီတို့လို စပိန်ကွင်းလယ်လူမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့် လူငယ်လေးဟာ ဘောလုံးပေးပို့မှုအကောင်းဆုံး ကစားသမားတွေထဲ အဆင့်၂၀၀ကျော်မှာသာ ရှိနေခဲ့ပါတယ်။ သို့ပေမယ့် ဗီဂါဟာ ကွင်းလယ်မှာ အရည်အချင်းပြည့်၀စွာ ကစားနိုင်သူဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စားနေကာ စာချုပ်ဖျက်သိမ်းကြေး ပေါင်၃၅သန်း တန်ကြေးရှိတယ်လို့ သိရပါတယ်။
အန်ဇိုလာဖီး(ပြင်သစ်)
လိုရီယန့်ကြယ်ပွင့်ဟာ ပြင်သစ်အသင်းမှာ အရည်အချင်းအရှိဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ပါဝင်နေခဲ့ပါတယ်။ ပြင်သစ်ယူ-၂၁အသင်းအတွက် ၇ပွဲကစားပြီး သုံးဂိုးသွင်းနိုင်ခဲ့သူဟာ လိုရီယန့်အသင်းကိုလည်း လီဂူးဝမ်းမှာ အဆင့်၁၀နေရာရရှိအောင် ကူညီပေးခဲ့ပါတယ်။
လာဖီးဟာ လိုရီယန့်အတွက် ငါးဂိုးသွင်း ငါးဂိုးဖန်တီးထားခဲ့ကာ ဖျက်ထုတ်မှု ၁၀၈ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အခွင့်အရေးဖန်တီးမှု၆၇ကြိမ်အထိ ရှိခဲ့သလို တစ်ဦးချင်းကျော်ဖြတ်မှု ၆၈ကြိမ် ရှိခဲ့ပါတယ်။ ကွင်းလယ်မှာ နိုက်စ်က ကီဖရန်သူရမ်၊ အသင်းခေါင်းဆောင် ကာကွီရက်တို့နဲ့တွဲလိုက်ရင်တော့ ပြင်သစ်က တော်တော်လေးတောင့်တင်းတဲ့အသင်း ဖြစ်လာမှာပါ။
ဂျီနွန်တို(အီတလီ)
အီတလီတောင်ပံကစားသမား ဂျီနွန်တိုဟာ ယမန်နှစ်ရာသီ ပရီးမီးယားလိဂ်မှာ တောက်ပခဲ့တဲ့ ကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ်။ ချန်ပီယံရှစ်ကို တန်းဆင်းသွားရတဲ့ လိဒ်စ်အသင်းမှာ ကစားနေရပေမယ့် ၁၉နှစ်သားဟာ ၂၄ပွဲကစား နှစ်ဂိုးသွင်း လေးဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
ဂျီနွန်တိုရဲ့ခြေစွမ်းတွေက နိုင်ငံတကာပွဲစဉ်တွေမှာပါ တောက်ပလာခဲ့တာကြောင့် အီတလီစီနီယာအသင်းကြီးအတွက် ၁၁ပွဲအထိ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဇူးရစ်ချ်ကစားသမားဟောင်းဟာ နောက်ခံလူတွေကို ကျော်ဖြတ်ကာ ဂိုးသွင်းရတာကို ကြိုက်နှစ်သက်တာကြောင့် ယခုပြိုင်ပွဲမှာလည်း ဒီလိုလုပ်ပြနိုင်ဖို့ မျှော်လင့်ရပါတယ်။
ဇီနိုဒီဘက်စ်(ဘယ်လ်ဂျီယံ)
အန်ဒါလက်ချ်ခံစစ်မှူးဟာ ဒီပြိုင်ပွဲမှာ အကျော်ကြားဆုံး နောက်ခံလူတစ်ဦးလို့ပြောရင် မှားမယ်မထင်ပါဘူး။ လူငယ်ခံစစ်မှူးဟာ အန်ဒါလက်ချ်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ယမန်နှစ်ရာသီက ၃၄ပွဲအထိ ပါဝင်ခွင့်ရခဲ့ပါတယ်။
ဒီဘက်စ်ဟာ ဘယ်လ်ဂျီယံအသင်းကြီးအတွက် သုံးပွဲ ပါဝင်ကစားပေးထားပြီး လာမယ့်ပြိုင်ပွဲတွေမှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ပိုရဖို့များနေပါတယ်။ ဒီဘက်စ်သာ ခံစစ်မှာခြေစွမ်းပြနိုင်ရင်တော့ လန်းစ်တောင်ပံလူ အိုပန်ဒါတစ်ယောက် ပြိုင်ဘက်ခံစစ်တွေကို စိတ်ကြိုက်မွှေနှောက်နိုင်မှာပဲ ဖြစ်ပါတယ်။