ရှေ့သို့
Image

ဓါးကို အသုံးပြုကာ အပြင်းအထန်နာကျင်စေမှုဖြင့် ထောင်ဒဏ် ၁၈ လ ချမှတ်ခံခဲ့ရတဲ့ ကွင်စီပရုန်းစ်

3:23 PM, 19 June

အစ်ကိုဝမ်းကွဲဖြစ်သူကို ဓါးဖြင့်ထိုးကာ အပြင်းအထန်နာကျင်စေမှုကျူးလွန်ခဲ့တဲ့ စပါးတပ်မော်စကိုတိုက်စစ်မှူး ကွင်စီပရုန်းစ်ကို တရားရုံးတော်က ထောင်ဒဏ် ၁၈ လ ကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ နယ်သာလန်မှလာတဲ့ သတင်းတွေအရ သိရပါတယ်။

ESPN နယ်သာလန်သတင်းဌာနရဲ့အဆိုအရ ဝမ်းကွဲဆွေမျိုးတစ်ဦးအပေါ် တိုက်ခိုက်မှုတစ်ခုအတွက် အသက်-၃၁ နှစ်အရွယ် ကစားသမားကို ဒီနေ့မနက်အစောပိုင်းမှာပဲ တရားရုံးတော်က ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကွင်စီပရုန်းစ်က စွပ်စွဲချက်တွေအပေါ် ငြင်းဆန်ခဲ့ပေမယ့် တရားရုံးတော်က အခုအမှုအခင်းအတွက် အရေးကြီးတဲ့ သက်သေအထောက်အထားတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ကွင်စီပရုန်းစ်ကို နစ်နာသူတွေအတွက် လျော်ကြေးပေးဖို့ တရားရုံးတော်က အမိန့်ချမှတ်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း ပြုလုပ်တဲ့ မိသားစုတွေ့ဆုံပွဲတစ်ခုမှာ အခုအမှုအခင်းဖြစ်စဉ် ပေါ်ပေါက်လာခဲ့ပါတယ်။ သတင်းရင်းမြစ်တွေရဲ့အဆိုအရ အက်စတာဒမ်မြို့အပြင်ဘက် အက်ဘ်ကူဒီအရပ်မှာ ကွင်စီပရုန်းစ်က မိသားစုပါတီပွဲတစ်ခု ကျင်းပခဲ့ပြီး ဒီပါတီပွဲအတွင်း ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးနဲ့ ကွင်စီပရုန်းစ်တို့ စကားများရန်ဖြစ်ခဲ့ကြပါတယ်။

အခုလိုဖြစ်ပွားနေချိန် ကွင်စီပရုန်းစ်က ဓါးဖြင့်တိုက်ခိုက်ခဲ့ပြီး ဆွေမျိုးတော်စပ်သူအမျိုးသားမှာလည်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အခုအမှုအခင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒီဇင်ဘာလအတွင်းမှာ ကွင်စီပရုန်းစ် ဖမ်းဆီးခံခဲ့ရပြီး နှစ်ရက်အကြာမှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

လက်ရှိမှာ စပါးတပ်မော်စကိုတိုက်စစ်မှူးက သူ့ရဲ့လုပ်ရပ်တွေအတွက် ထောင်ဒဏ် ၁၈ လ ကျခံရပါတော့မယ်။ ကလပ်အသင်းဘက်ကတော့ ဒီပြစ်ဒဏ်အပေါ် အယူခံဝင်ခွင့် ရှိနေပါတယ်။ ကွင်စီပရုန်းစ်အတွက်တော့ နယ်သာလန်နိုင်ငံ နယ်နမိတ်အတွင်းမှာ အခုပြစ်မှုတစ်ခုတည်းအတွက် တာဝန်ရှိနေတာမျိုးတော့ မဟုတ်ပါဘူး။ သူ့ကို တရားမဝင်ကိုကင်းတင်သွင်းမှုသံသယဖြင့် နယ်သာလန်တရားရေးအာဏာပိုင်တွေက အမှုအခင်းဖွင့်လှစ်ထားတယ်လို့ မေလကုန်ပိုင်းမှာ သတင်းတွေ ဖော်ပြခဲ့ပါတယ်။

#စပါးတပ်မော်စကို #ကွင်စီပရုန်းစ်